Wednesday, May 1, 2024

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ရွှေဆိုင်ကို ဓားပြတိုက်သည့်အမျိုးသား တာချီလိတ်ဘက်ခြမ်းတွင် ဖမ်းဆီးရမိ

Must read

ထိုင်း – မြန်မာ နယ်စပ် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ရွှေဆိုင် တစ်ဆိုင်တွင် ဓားပြတိုက်ခဲ့သည့် အမျိုးသား တစ်ဦး ကို မြန်မာဘက်ခြမ်း၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

မြန်မာရဲတပ်ဖွဲ့မှ ဖမ်းဆီးခံရသည့် အမျိုးသား

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ (၂၆) ရက်က အသက် (၃၄) နှစ်အရွယ် အမျိုးသားတစ်ဦး မယ်ဆိုင်မြို့ရှိ ရွှေဆိုင် တစ်ခုကို ဓားပြတိုက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ တာချီလိတ်မြို့ရှိ လောင်းကစားရုံ တစ်ခုမှာ အကြွေးသွားဆပ်ခဲ့ကြောင်း ထိုင်းနိုင်ငံ​သတင်းမီဒီယာဖြစ်သည့် MaeSai Press သတင်းအရ သိရသည်။

ဓားပြတိုက်သည့် အမျိုးသားကို ဇန်နဝါရီ (၈) ရက် နံနက် (၈) နာရီခွဲတွင် မြန်မာသက်ဆိုင်ရာ တာဝန်ရှိ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း Maesai Press တွင်ဖော်ပြထားသည်။

ထိုဓားပြတိုက်သည့်အမျိုးသားသည် ရွှေဆိုင်မှ အလေးချိန် (၅)ကျပ်သား ထိုင်းဘတ်ငွေ (၁၅၃,၅၀၀) ဘတ်ဖြင့် ရောင်းချခဲ့ပြီး မြန်မာဘက်ခြမ်းရှိ လောင်းကစားရုံသို့ အကြွေးသွားရောက်ဆပ်ခဲ့ကြောင်း ၎င်းသတင်းတွင် ရေးသားထားသည်။

အဆိုပါ ဓားပြတိုက်သည့် အမျိုးသားကို ထိုင်းအာဏာပိုင်မှတဆင့် Thai- Myanmar Township Border Committee (TBC) နှင့် BLO တို့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ထိုအမျိုးသားကို မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်အတွက် အမှုဖွင့်ခံထားရကြောင်းလည်း သတင်းမှာ ဖော်ပြထားသည်။

တာချီလိတ်တွင် နေ့စဥ်နဲ့အမျှ သူခိုး၊ ဓားပြမှုများရှိခဲ့သော်လည်း မြန်မာရဲတပ်ဖွဲ့သည် တာဝန်ယူဖြေရှင်းပေးခြင်းမရှိကြောင်း၊ သို့သော် လက်ရှိ ထိုင်းနိုင်ငံမှ အကူအညီတောင်းလာသည်ကို ရက်အနည်းငယ်အတွင်း ဖမ်းဆီးပေးနိုင်ခဲ့သည်။

” မြန်မာရဲက ကိုယ့်ပြည်တွင်းက အမှုတွေတော့ တမြင်လွှတ်ထားသလားပဲ။ ထိုင်းက ပြေးလာတဲ့သူကျတော့ ချက်ချင်းဖမ်းပေးတယ်။ ဒီမှာနေ့တိုင်းသူခိုး၊ ဓားပြမှုတော့ ဘာမှ မဖမ်းဘူး” ဟု တာချီလိတ်မြို့ အသက် ၄၀ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မြန်မာနိုင်ငံတွင်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင်း သူခိုး၊ ဓားပြ ပေါများပေမယ့် သက်ဆိုင်ရာ တာဝန်ရှိ ရဲတပ်ဖွဲ့များက ဖမ်းဆီး အရေးယူပေးခြင်း မရှိခဲ့ပေ။

Leave a Comments

- Advertisement -spot_img

Latest article