Friday, April 26, 2024

ကမ္ဘောဇတိုင်း အယ်ဒီတာချုပ် ရှောင်တိမ်းနေရင်း ဖမ်းခံရ

Must read

သျှမ်းပြည်အခြေစိုက် ကမ္ဘောဇတိုင်းသတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သည့် ကိုကျော်ဇောကို ယနေ့(ဒီဇင်ဘာ ၂၅)ရက် နံနက်အစောပိုင်း ၃နာရီတွင် စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

ကမ္ဘောဇတိုင်း အယ်ဒီတာချုပ် ကိုကျော်ဇော

ကိုကျော်ဇောသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှောင်တိမ်းနေရပြီး ၎င်းရှောင်တိမ်းနေသည့် ပဲခူးတိုင်း အနောက်ပိုင်း ကြိုးပင်ကောက်မြို့နယ်ထဲရှိ ကျေးရွာတစ်ခုတွင် ယနေ့ (ဒီဇင်ဘာ ၂၅)ရက် နံနက်ပိုင်း ၃နာရီအချိန်၌ စစ်ကောင်စီ မှ အင်အားအများအပြားဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူရှောင်နေတဲ့နေရာကို စစ်တပ်က အင်အားအများကြီးနဲ့ လက်နက်တွေရော ပါတယ် လာဖမ်းသွားတာ။ အခု ကိုကျော်ဇောက ကြိုးပင်ကောက်ရဲစခန်းမှာ လို့သိရတယ်။ မိသားစုဝင်တွေနဲ့တွေ့ခွင့်မရေသးဘူး” လို့ ကိုကျော်ဇာ၏ မိသားစုဝင် တစ်ဦးကဆိုသည်။

လက်ရှိမှာ ကိုကျော်ဇာ ကို ကြိုးပင်ကောက် ရဲစခန်းမှ ချုပ်နှောင်ထားပြီး၊မိသားစုဝင်များနှင့်တွေ့ဆုံခွင့်မရသေးသဖြင့် စိုးရိမ်နေကြောင်း၊ စစ်ကြောရေးတွင်လည်းစစ်ကောင်စီဘက်မှ ခြေလွန်မှာကို စိုးရိမ်နေရကြောင်းလည်း ၎င်းက ပြောသည်။

ကိုကျော်ဇောသည် ၂၀၁၇ခုနစ်မှ စတင်က ကမ္ဘောဇတိုင်းသတင်းဌာနတွင် အယ်ဒီတာချုပ် တာဝန်ကို ယူခဲ့ပြီး၊ စစ်အာဏာသိမ်းပြီး ၂၀၂၁ခုနစ် မတ်လ တွင်လည်း ပုဒ်မ ၅၀၅(က) အပါအဝင် မတရားပုဒ်မများနှင့် အမှုဖွင့် ဖမ်းဆီးခံထားရသူတစ်ဦးဖြစ်သည်။

၂၀၂၁ ခုနစ် မတ်လတွင် အာဏာသိမ်း စစ်တပ်မှ ကိုကျော်ဇောကို မဖမ်းမိသဖြင့် သူ၏ အမျိုးသမီး အပါအဝင် ကမ္ဘောဇတိုင်း သတင်းဌာနတွင် လုပ်ကိုင် နေသူ (၄) ဦး ကို မတရားဖမ်းဆီးထောင်ချခဲ့သည်။

၂၀၂၂ ခုနစ် အောက်တိုဘာလတွင် ကမ္ဘောဇတိုင်း သတင်းဌာနမှ ဝန်ထမ်း (၄) ဦးသည် ပြစ်ဒဏ်စေ့နှင့် ပြန်လွှတ်လာပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article