Thursday, June 20, 2024

ရပ်စောက်မြို့နယ် အတွင်း တိုက်ပွဲ ၁ နာရီကျော်ကြာဖြစ်ပွား

Must read

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် လက်နက်ကိုင်တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

ရပ်စောက်မြို့နယ်သည် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း တည်ရှိရာမြို့ဖြစ်ပြီး ခြေလျင် တိုက်ခိုက်ရေး တပ်များ၊ လက်ရုံး ဝန်ထမ်းတပ်များ အခြေစိုက်နေရာ ဖြစ်သည့်အပြင် သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် RCSS/SSA တို့လည်း သွားလာလှုပ်ရှားသည့် ဒေသတစ်ခုဖြစ်သည်။

ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ရပ်စောက်မြို့နယ် နောင်လုံကျေးရွာအုပ်စုမှ ဒေသခံ ပြည်သူများ အပြင်ထွက် တောင်ယာ/လယ်ခြံသွားခြင်းများ မပြုလုပ်ရန် နှင့် ညွှန်ကြားတားမြစ်ပြီး တောအုပ်ထဲသို့ စစ်ကြောင်းထိုး ဝင်ရောက်သွားကြောင်း ဒေသခံများက ပြောသည်။

ရပ်စောက်မြို့

ထို့နောက် နေ့လည်ပိုင်း ၁၂ နာရီကျော်ဝန်းကျင်တွင် နောင်လုံကျေးရွာအုပ်စု ပန်ပျဥ်ကျေးရွာအနီး၌ ပစ်ခတ်သံများ စတင်ထွက်ပေါ်လာပြီး ၁ နာရီကျော်ကြာအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီ ရဲ့ စစ်ကြောင်းမှူးဆိုသူက မနက် ၇ နာရီဝန်းကျင်မှာ နောင်လုံကျေးရွာအုပ်စုရဲ့ အကြီးအကဲကို ခေါ်ပြီး ရွာသားတွေ ဘယ်မှမသွားဖို့ အမိန့်ထုတ်တယ်၊ နေ့လည်ပိုင်း ပန်ပျဥ်ရွာ တောအုပ်ဘက်မှာ ပစ်ခတ်သံတွေ စကြားရတာပဲ၊ နှစ်ဖက် အပြန်အလှန်ပစ်ကြတာ၊ ၁ နာရီနောက်ပိုင်းမှ အသံငြိမ်သွားတယ်။ စစ်တပ်နဲ့ ဘယ်အဖွဲ့တွေဖြစ်လဲတော့မသိဘူး ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ယင်းပစ်ခတ် တိုက်ခိုက်မှုများတွင် စစ်ကောင်စီ တပ်ဖွဲ့ နှင့် မည်သည့် လက်နက်ကိုင် တပ်ဖွဲ့တို့မှ ထိတွေ့တိုက်ပွဲဖြစ်သည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများကြောင့် အနီးပတ်ဝန်းကျင်မှ ဒေသခံ ပြည်သူများသည် ယနေ့အထိ တောင်ယာ အလုပ်ဆင်းခြင်းများ မပြုရဲသေးကြောင်း ရပ်စောက်ဒေသခံ အသက် ၄၀ ကျော် အမျိုးသားက ပြောသည်။


“တိုက်ပွဲက ရွာနဲ့ သိပ်တော့ မနီးပေမယ့် ရွာသားတွေကတော့ အလုပ်မဆင်းရဲသေးဘူး၊ အခုချိန်မှာ စစ်ရေးတင်းမာမှုတွေ ရှိနေနိုင်သေးလို့ မတော်လို့ တိုက်ပွဲဖြစ်လာမှာကို ကြောက်တယ်လေ၊ အခုချိန်က ယာခင်းတွေ စပါးတွေ သိမ်းတဲ့ အချိန်ဆိုတော့ တိုက်ပွဲပိုပြင်းလာရင် ပြည်သူတွေအထိနာမှာဖြစ်လို့ တိုက်ပွဲမဖြစ်စေချင်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ မှာလည်း ရပ်စောက်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲပြင်းထန်နေစဥ် စစ်ကောင်စီတပ်မှ လေကြောင်းလိုင်းဖြင့် လာရောက် ပစ်ခတ်ခြင်းများလည်း ပြုလုပ်ခဲ့ရာ နေအိမ် နှင့် ပွဲရုံများ လက်နက်ကြီး ထိမှန်ခဲ့သဖြင့် မီးလောင်ပျက်စီးခဲ့သည့်အတွက် ဒေသခံများက တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ကြောက်လန့်နေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article