Thursday, May 16, 2024

မိုးကောင်းမြို့နယ် ၄ မိုင်ရွာ (ရှမ်းရွာ) ကျောင်းထိုင်ဘုန်းကြီး သေနတ်ပစ်သတ်ခံရ

Must read

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ရေရှင်ကျေးရွာအုပ်စု ၄ မိုင်ရွာ (ရှမ်းရွာ) မှ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်း သိရသည်။

ယမန်နေ့ (အောက်တိုဘာ ၁၆) ရက် ည ၇ နာရီကျော် ဝန်းကျင်တွင် ၄ မိုင်ရွာမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ သီလာနန္ဒ ကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနတ်ဖြင့် လာရောက် ပစ်သတ်သွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo: The Voice of Shan-Ni ကျောင်းထိုင်ဘုန်းကြီး

“မနေ့ည (အောက်တိုဘာလ ၁၆ ရက်) ၇ နာရီ ၁၀ မိနစ်လောက်က စပြီး မီးပျက်သွားတယ်၊ အဲ့လို မီးပျက်တဲ့ အချိန်မှာပဲ လက်နက်ကိုင် လူ ၁၀ ယောက်လောက်က ကျောင်းကိုရောက်လာပြီး ဆရာတော်ကို လာပစ် သွားတာ၊ မဆိုင်တဲ့သူတွေ ခေါင်းငုံ့ကြဆိုပြီး ၂ ယောက်က တံခါးပေါက်မှာ စောင့်၊ ၈ ယောက်က ကျောင်း ပေါ်တက်ပြီး ပစ်သွားတယ်” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ သီလာနန္ဒသည် ပစ်ခံရသည့် သေနတ်ဒဏ်ရာ ၆ ချက်ဖြင့် လက်နက်ကိုင် အဖွဲ့အစည်းများ ပြန်သွားပြီး ခဏအကြာ ပျံလွန်တော်မူသွားကြောင်း သိရသည်။

အကြမ်းဖက် ပစ်သတ်မှုကြောင့် ပျံလွန်တော်မူ သွားရသည့် (၄) မိုင် ဆရာတော်ကြီးသည် သက်တော် ၅၇ နှစ် ၊ ဝါတော် ၂၇ ရှိပြီး မြို့နယ် သံဃာနာယဂ (တွဲဘက်-အကျိုးတော်ဆောင်) ဆရာတော်တစ်ပါးလည်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article