Tuesday, April 23, 2024

Dove KK ဆန် ၃၀၀ အိတ် Challenge ထက်ဝက်သာ ရရှိ

Must read

သျှမ်းပြည်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးဆေးတပ်ဖြစ်သည့် Dove KK ၏ ဆန်အိတ် ၃၀၀ Challenge တွင် ဆန်အိတ် ၁၄၅ အိတ်သာရရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဆန်အိတ် ၃၀၀ Challenge ကို သျှမ်းတောင်၊ ကရင်နီပြည်နယ် PDF နှင့် စစ်ရှောင်များအတွက် (၈) ကြိမ်မြောက်အဖြစ် စက်တင်ဘာ ၃၀ ရက်မှ စတင်ကာ အောက်တိုဘာ ၁၄ ရက် ထိပြုလုပ်ခဲ့ကြောင်း Dove KK ထုတ်ပြန်ချက်အရ သိရသည်။

“လတိုင်းလုပ်နေတာ ဒီလနဲ့ဆိုရင် ၈ ကြိမ်မြောက်ရှိပါပြီ။ ဒီလအတွက်ဆန်အိတ် (၃၀၀) နဲ့ဆေးဖိုး ကောက်ခံမှုမှာ ၁၄၅ အိတ်နဲ့ ညီမျှတဲ့ ပမာဏာရရှိခဲ့ပါတယ်။ စစ်ရှောင်စခန်းတွေအများစုက အလှူရှင်ကိုမျှော်နေရတယ်” ဟု Dove KK အဖွဲ့ဝင်တစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဆန်အိတ်

သျှမ်းတောင်၊ ကရင်နီပြည် PDF များနှင့် စစ်ရှောင်များအတွက် ဆန်တစ်အိတ်လျှင် ကျပ် ၅ သောင်းနှုန်းနှင့် ဆန်အိတ် ၃၀၀ ရရှိရန် ရည်မှန်းခဲ့ရာ အောက်တိုဘာ ၁၄ ရက်တွင် ဆန်အိတ် ၁၄၅ အိတ်သာရရှိခဲ့ပြီး Challenge ကို ရပ်နားလိုက်ကြောင်းလည်း Dove KK ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ကျမတို့ ကူညီပေးနေတဲ့ Camp တွေများကြီးရှိတယ်။ စစ်ရှောင်တွေက အိမ်ပြန် လယ်လုပ်လို့မရတော့ အလှူရှင်ပဲ မျှော်နေရတဲ့ camp တွေလည်းရှိတယ်။ အိမ်ထောင်တစ်စုမှာ လူဦးရေ အနည်းဆုံး ၄ ယောက်ကနေ ၈ ယောက် ၊ ၁၀ ယောက်ရှိတော့ တော်တော်ခက်ခဲတယ်။ အဓိက ဆန်၊ဆေး ရိက္ခာတွေပါပဲ” ဟု ၎င်းအဖွဲ့ဝင်က ထပ်လောင်းပြောသည်။

လက်ရှိမှာ ဆောင်းရာသီရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် အနွေးထည်များ၊ စောင်များလည်း စတင်အလှူကောက်ခံ၊ စုဆောင်းနေကြောင်းလည်း Dove KK က ပြောသည်။

Dove KK ၏ ဆန်အိတ် ၃၀၀ Challenge အစီအစဥ်ကို ယခုနှစ် ဇန်နဝါရီလ မှစတင်ကာ ဖေဖော်ဝါရီလ နှင့် မတ်လတွင် ရပ်နားခဲ့ရာ ဧပြီလမှ ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။

Dove KK အဖွဲ့သည် သျှမ်းပြည် တောင်ပိုင်း သျှမ်း – ကရင်နီ နယ်စပ်မှာ ဖြစ်ပွားနေသည့် တိုက်ပွဲ များမှ ရဲဘော်‌များနှင့် စစ်ဘေးရှောင်များကို ဆေးကုသမှု ပေးနေသည့် ဆေးတပ်ဖွဲ့ ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article