Wednesday, May 8, 2024

အောင်ပန်းမြို့ စစ်ကောင်စီက နေ့စဉ်ဆက်တိုင်း ပြည်သူများကို ဖမ်းဆီးနေ

Must read

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် ယခု (အောက်တိုဘာလ) အတွင်း စစ်ကောင်စီက ပြည်သူများကို နေ့စဥ်ဆက်တိုက် ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက် ည ၅ နာရီဝန်းကျင်တွင် အောင်ပန်းမြို့ သွေးအလှူရှင် အသင်းခေါင်းဆောင် ကိုတရုတ်ကြီး နှင့် အတူ ၎င်း၏ အဖွဲ့ဝင်များကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။

“ဘာကြောင့် ဖမ်းလည်းတော့မသိဘူး။ အဲ့နေ့က လာဖမ်းတာ ညတောင် အရမ်းမမှောင်သေးဘူး။ ကိုတရုတ်ကြီးက အောင်ပန်း သွေးအလှူရှင်အသင်းက အကြီးဆုံးပဲ။ အဲ့အသင်းထဲက အဖွဲ့ဝင် ၄ ယောက်ကိုလည်း ဖမ်းသွားတယ်” ဟု အောင်ပန်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အောင်ပန်းမြို့

အဆိုပါ ကိုတရုတ်ကြီးတို့ကို လာရောက်ဖမ်းဆီးချိန်တွင် စစ်ကောင်စီ မှ စစ်ကား (၃) စီး တပ်သားအင်အား အနည်းဆုံး (၂၀) ဦးခန့်က လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ယခု အောက်တိုဘာလအတွင်း အောင်ပန်းမြို့တွင် ဖမ်းဆီးခံရသူများ (၁၀) ဦး ထက်မနည်းရှိကြောင်းလည်း အောင်ပန်းဒေသခံများ ပြောပြချက်အရ သိရသည်။

ထိုအပြင် အောက်တိုဘာ ပထမပတ်အတွင်းတွင် ရပ်ကွက် (၃) ထဲနေထိုင်သည့် လူငယ်တစ်ဦးသည် လူမှုကွန်ယက်ပေါ်တွင် နိုင်ငံရေးဆိုင်ရာ သတင်းတစ်ခုအာက်တွင် ကော်မန့်ပေးရာမှ တစ်ဆင့် စစ်ကောင်စီမှ လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

“အခု ရက်ပိုင်း ဖမ်းဆီးတာ တော်တော်များတယ်။ ကိုတရုတ်ကြီးတို့ကို မဖမ်းခင် အရှေ့မှာ ရပ်ကွက် (၃) ထဲက လူငယ်တစ်ယောက်ကိုလည်း ဖမ်းဆီးသွားတယ်။ သူက နိုင်ငံရေး post တစ်ခုအာက်မှာ ကော်မန့်ပေးလို့ ဆိုပြီးတော့ ဖမ်းသွားတာတဲ့” ဟု ၎င်းအမျိုးသားက ပြောသည်။

လက်ရှိတွင်လည်း အောင်ပန်းမြို့မှာ စစ်ကောင်စီက စစ်ဆေးမှု တင်းကြပ်နေပြီး ပြည်သူများက အပြင်သွားလာရာတွင် စိုးရိမ်နေရကြောင်း သိရသည်။

“ဟုတ်တယ်။ အခုတလော အစစ်ဆေးတွေ အရမ်းများတယ်။ စိုးရိမ်တာပေါ့။ စိုးရိမ်လို့ပဲ အပြင်သွားရင် ဖုန်းတောင်မယူသွားဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့်သူများကို မည်သည့် နေရာသို့ ခေါ်ဆောင်သွားကြောင်း မသိရှိရသေးပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ (၂,၃၄၆) သတ်ဖြတ်ခံခဲ့ရပြီး (၁၅,၈၃၁) ဦးကို ဖမ်းဆီး ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ယမန်နေ့ အောက်တိုဘာ ၁၂ ရက်၏ ထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article