သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် လက်ရှိစစ်ရေးတင်းမာမှု မရှိသော်လည်း အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့တွင် စစ်ကောင်စီက မိုးဗြဲမြို့ထဲ စစ်အင်အား ဖြည့်တင်းထားပြီး လက်ရှိမှာ စစ်ရေး ငြိမ်နေကြောင်း သိရသည်။
“သူတို့က ဟိုဘက်မှာပဲ နေနေတာ။ တိုက်ပွဲတော့ မဖြစ်သေးဘူး။ သူတို့ ဒီဘက်ကျော်လာရင်တော့ တိုက်ပွဲဖြစ်နိုင်တယ်။ ကျနော်တို့ဘက်က ကျော်သွားရင် တိုက်ပွဲဖြစ်နိုင်တယ်။ အခုလောလောဆယ်တော့ ငြိမ်နေသေးတယ်။ တိုက်ပွဲတော့ အချိန်မရွေး ဖြစ်ပွားနိုင်တဲ့ သဘောရှိတယ်” ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
တိုက်ပွဲ အချိန်မရွေး ဖြစ်ပွားနိုင်သောကြောင့် ပြည်သူများလည်း စိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း သိရသည်။
ထိုအပြင် လက်ရှိ ပြည်သူများက တိုက်ပွဲမဖြစ်ပွားသောကြောင့် စစ်ဘေးရှောင်စခန်းတွင် နေထိုင်ရန် ခက်ခဲသဖြင့် မိမိနေအိမ်တို့ ပြန်လည်ရောက်ရှိ နေထိုင်ထားကြောင်း သိရသည်။
“တိုက်ပွဲပြန်ဖြစ်မှာတော့ စိုးရိမ်တာပေါ့။ စိုးရိမ်စိတ်နဲ့ပဲ နေနေရတာ။ အခုလည်း တစ်ချို့ဆို စစ်ရှောင်ကနေ ပြန်လာပြီ။ တိုက်ပွဲဖြစ်ရင်လည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တယ်လေ။ အိမ်တွေထိတယ်” ဟု မိုးဗြဲမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ (၈) ရက်နေ့မှ အောက်တိုဘာ (၂) ရက်နေ့ထိ မိုးဗြဲမြို့သည် တိုက်ပွဲကြောင့် ပြည်သူ ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ် (၃) ဦး အပါဝင် ၁၀ ဦး သေဆုံးခဲ့သည်။