Friday, April 19, 2024

နမ္မတူမြို့နယ်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ခတ် ဒေသခံများ စိုးရိမ်နေ

Must read

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဆိုင်းခေါင်ကျေးရွာအုပ်စုထဲရှိ ခမရ ၃၂၄ တပ်စခန်း ပတ်ဝန်းကျင်တွင် စစ်ကောင်စီဖက်မှ တစ်ဖက်သတ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၂ ရက် ည သန်းခေါင် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် နှစ်ကြိမ်ပစ်ခတ်လိုက်သဖြင့် ပြည်သူများစိုးရိမ် ထိတ်လန့်ကာ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ညဘက်အချိန်၌ မအိပ်ရဲသေးကြောင်း ကျေးရွာဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့ည တပ်စခန်းမှာ လက်နက်ကြီးတွေနဲ့ နှစ်ကြိမ်ပစ်ခတ်တယ်။ နှစ်ဖက်တိုက်ပွဲဖြစ်တော့ မလားလို့ စိုးရိမ်နေတာ။ တကယ်တော့ သူတို့တပ်ထဲအနီးက တစ်ဖက်သတ် ပစ်ခတ်နေတာပါ။ ညညဆို သေနတ်သံတွေ၊ လက်နက်ကြီးသံတွေ ကြားနေရတော့ ညဖက်မှာတောင် မအိပ်ရဲသေးဘူး “ ဟု ၎င်းဒေသခံ တစ်ဦးကပြောသည်။

နမ္မတူ စစ်ရှောင်

စက်တင်ဘာ ၂၆ ရက်နေ့မှစပြီး ယမန် ည အောက်တိုဘာ ၂ ရက်ထိ စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် တစ်ဖက်သတ် ပစ်ခတ်မှုပြုလုပ်နေသောကြောင့် ပြည်သူများက ကြိုတင်အဝတ်ထုတ်များ ပြင်ဆင်ထားရကြောင်း ဆိုင်းခေါင် ကျေးရွာအုပ်စုထဲရှိ ဒေသခံတစ်ဦးက ပြောသည်။

“လက်နက်သံကြားလို့ တချို့တွေက ညဘက်ကို မြို့ထဲပြောင်းရွှေ့သွားကြတယ်။ အခုက အဝတ်ထုတ်တွေ ပြင်ဆင်ထားရတာပေါ့။ နေ့ဘက်မှာလည်း ခြံသွားဖို့တောင် ကြောက်နေရတယ်” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်မှ စတင်ကာ ဘော်တွင်းသတ္တုဘက်ရှိ စစ်ကောင်စီ ခမရ တပ်အမှတ် ၃၂၄ မှ လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သတင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article