သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ရွာတော်ကျေးရွာထဲတွင် ကျောင်းအုပ်ကြီးက ဆရာကန်တော့ရန် ဟုဆိုသည့် ခေါင်းစဥ်ဖြင့် ကျောင်းသား/သူများထံ ငွေကြေးတောင်းခံနေကြောင်း သတင်းရရှိသည်။
အဆိုပါ အောက်တိုဘာလတွင် ပြုလုပ်မည့် အာစရိယ ပူဇော်ပွဲအတွက် ကျောင်းသား/သူများကို တစ်ဦးလျှင် ငွေ (၂,၀၀၀) ကျပ် တောင်းနေကြောင်း သိရသည်။
“ဆရာမကြီးက အာစရိယ ပူဇော်ကြေးဆိုပြီးတော့ ကျောင်းသားတစ်ယောက်ကို ငွေ (၂,၀၀၀) ကျပ် ကောက်နေတာ။ ကျမတို့ သိတာတော့ အာစရိယ ပူဇော်ကြေးဆို ကျောင်းသားတွေ စေတနာရှိသလောက်ပါပဲ။ အခုက စီးပွားရေးလိုမျိုးကောက်ယူနေတာ” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ ငွေပမာဏ နည်းသော်လည်း တစ်ချို့မိသားစုအိမ်များသည် ကျောင်းသား ၃ ယောက်အထိ ရှိသဖြင့် ခက်ခဲနေကြောင်း ယခုနိုင်ငံရေးအခြေနေ နှင့် ပြည်တွင်းစီးပွားရေးကျဆင်းမှုကြောင့် တစ်နေ့သာ စားဝတ်နေရေး အတွက်လည်း ခက်ခဲနေကြောင်း ကလောဒေသခံ ကျောင်းသားမိခင် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ ငွေ ၂,၀၀၀ ကျပ် ကတော့ အရမ်းမဟုတ်ပေမဲ့ တစ်ချို့အိမ်ဆိုရင် ကလေး ၃ ယောက်လောက်ရှိတယ်လေ။ အဲဆိုရင် ၆,၀၀၀ လောက်က ကုန်နေပြီ။ အခုကလည်း စားဝတ်နေရေးက ခက်ခဲလာတယ်။ တစ်နေ့သာ စားဝတ်နေရေး ဖြေရှင်းဖို့လည်း ခက်ခဲတယ်လေ” ဟု ကျောင်းသားမိခင် ကဆိုသည်။
ထိုအပြင် မူကြိုကလေးများကိုလည်း လကုန်ခါနီး ၅ ရက်အလိုတွင် ကလေးလက်တွေထဲ မူကြိုလခ လာပေးပါရန် ဟု လက်ထဲရေးထားပေးကြောင်း အဆိုပါ အမျိုးသမီးက ထပ်လောင်းပြောသည်။
အလားတူ ကျောင်းအုပ်ဆရာမကြီးသည်လည်း ကျောင်းသားများကို မုန့်များ ဈေးရောင်းနေလျက်ရှိသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းသားများ တစ်ချို့က CDM ဖြင့် အာဏာဖီဆန်ပြီး ကျောင်းမတက်သည့် ကျောင်းသားများလည်း ရှိကြောင်းသိရသည်။