Friday, December 2, 2022

မိုင်းရှူး စည်ပင်ထံ အခွန်မဆောင်ထားသည့် သားသတ်ရုံများ နှင့် ရောင်းချသူများ အရေးယူမည်

Must read

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး နယ်နမိတ် အတွင်းရှိ အသားထုတ်လုပ်သူများ စည်ပင်ခွင့်ပြုချက်မပါဘဲ ပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

လေလံဆွဲဝယ်သူများမှအပ စည်ပင်ထံ အခွန်ဆောင်ထားခြင်းမရှိဘဲ လမ်းဘေးတွင် အသားရောင်းချသူများ၊ အိမ်တွင်းရောက် အသား လှည့်လည်ရောင်းချသူများကို မြို့နယ်စည်ပင်များက အရေးယူမည်ဖြစ်ကြောင်း မိုင်းရှူးမြို့ဒေသခံ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သားကောင်တွေ သတ်ပြီး စည်ပင်ကို ပိုက်ဆံမပေးရင်လည်း အရေးယူခံရမယ်လို့ ခြိမ်းခြောက်ထားတာ။ အရင်က ဝက်တစ်ကောင် သတ်ရင် စည်ပင်ကို (၈,၀၀၀) ကျပ် ပေးရတယ်။ အခုက မပေးနိုင်တဲ့သူတွေ၊ အခွန်မဆောင် ထားတဲ့သူကို အရေးယူတာ“ ဟု ၎င်းကအမျိုးသမီးက ပြောသည်။

မိုင်းရှုးမြို့

စည်ပင်သာယာရေး နယ်နမိတ်အတွင်း ကျွဲ၊ နွား၊ မြင်း၊ သိုး၊ ဆိတ် နှင့် ဝက် တို့ကို သတ်ဖြတ်ခြင်း၊ အသားထုတ် လုပ်သူများကို ဉပဒေပုဒ်မ ၁၇ (တ) နှင့် ပုဒ်မ (၄၆) အရ လည်းကောင်း၊ သားသတ်ခြင်းဆိုင်ရာ စည်းကမ်း (By Law) အရ လည်းကောင်း ကြီးကြပ်ဆောင်ရွက်မည်ဖြစ်ကြောင်း မိုင်းရှူးစည်ပင်၏ စက်တင်ဘာ ၂၆ ရက် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မြို့နယ်စည်ပင်များက ထိုသို့ အရေးယူဆောင်ရွက်မည်ဟုဆိုသဖြင့် အသားရောင်းချနေသူများအတွက် ခက်ခဲသလို စားသုံးသူများအတွက်လည်း ခက်ခဲစေနိုင်ကြောင်း သိရသည်။

“မသိတဲ့သူက သူတို့မွေးထားတဲ့ သားကောင်ကို ရောင်းဖို့၊ စားဖို့အတွက်တော့ သတ်မှာပဲ။ ဒါကို စည်ပင်မှာ အခွန်မဆောင်ရင် အရေးယူခံရမယ် ဆိုတော့ ခက်တာပေါ့၊ ဈေးမသွားနိုင်တဲ့သူလည်း ခက်ခဲတယ်။ အိမ်ရောက်တဲ့အထိ အသား လာရောင်းမယ့်သူ မရှိရင်လည်း ဝယ်စားလို့မှ မရတော့တာ“ ဟု ၎င်း အထက်ပါ အမျိုးသမီးက ထပ်လောင်း ပြောသည်။

ထို့အပြင် မိုင်းရှူးမြို့နယ် ဟိုဆိုင်ကျေးရွာအုပ်စု (မိုင်းရှူးတောင်ပေါ်) တွင် ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ ဝက်သားသတ်ခြင်း နှင့် အသားရောင်းချခြင်းရှိနေသဖြင့် ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်ခြင်းမပြုကြရန် နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက မြို့နယ်စည်ပင်များက အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article