Friday, April 19, 2024

ပင်လုံမြို့တွင် လောင်းကစားဝိုင်းတစ်ဝိုင်း ထပ်မံဖွင့်လှစ်

Must read

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့ နောင်ဟူးကျေးရွာအနီးတွင် လောင်းကစားဝိုင်း တစ်ခုကို ယမန်နေ့ စက်တင်ဘာ ၂၃ ရက်မှာ စတင်ဖွင့်လှစ်နေကြောင်း စုံစမ်းသိရှိရသည်။

“လွန်ခဲ့တဲ့ နှစ်ရက်လောက်က ရွာထဲက တချို့လူတွေ လောင်းကစားဝိုင်းကို သွားဖွင့်ဖို့ ပြောကြတယ်။ မနေ့တော့ လောင်းကစားဝိုင်းမှာ သွားဆော့နေကြပြီ။ ငါးမန်းဂိမ်းတွေ၊ ဂျင်တွေ စတဲ့ လောင်းကစားတွေပါတယ်။ လောင်းကစား ဒိုင်လုပ်တဲ့ သူလည်း ဒီက စစ်တပ် နဲ့ ရင်းနှီးတယ် “ ဟု ၎င်း ကျေးရွာဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်တွင်း လောင်းကစားဝိုင်း တစ်နေရာ

အဆိုပါ လောင်းကစားဝိုင်းတွင် ဖဲလောင်းကစား၊ ငါးမန်းဂိမ်း၊ ဂျင်လောင်းကစားများ စသည့် လောင်းကစားဝိုင်းများ ဖွင့်လှစ်နေပြီး ညဘက်ဖျော်ဖြေပွဲများလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

လောင်းကစား စတင်ဖွင့်လှစ်လာပြီးနောက် ပြည်သူများ သူခိုး၊ ဓားပြ လုယက်မှုများ ပေါများလာမည်ကို စိုးရိမ်နေကြကြောင်း ပင်လုံမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လူငယ်တွေလည်း အကျင့်ပျက်တယ်။ နေ့ညမသိ လောင်းကစားဝိုင်းမှာရှိတယ်။ အိမ်ကိုလည်း မပြန်လာဘူး။ လောင်းကစားဝိုင်းမှာလည်း မူးယစ် ဆေးပြား ရောင်းတဲ့သူတွေလည်း ပေါတယ်။ လောင်းကစားဝိုင်းပေါလာရင် သူခိုး၊ ဓားပြလည်း ပေါလာမယ်။ နောက်ဆိုရင် ဘာမှ စိတ်မချရတော့ဘူး “ ဟု ၎င်းဒေသခံ တစ်ဦးက ဆိုသည်။

စစ်တပ်အာဏာသိမ်း (၁) နှစ်ကျော်ကာလမှာ လောင်းကစားဝိုင်းများ ပိုမိုဖွင့်လှစ်လာသလို သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက အရေးယူပေးခြင်း မရှိသော်လည်း လောင်းကစားဝိုင်းတွင် သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူး၊ ရဲတပ်ဖွဲ့များကို လိုင်းကြေးပေးပြီး ဖွင့်လှစ်နေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article