ဖယ်ခုံမြို့နယ် လက်နက်ကြီးကြောင့် ပြည်သူတစ်ဦးသေဆုံး

0

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆောင်ကန်းကျေးရွာထဲတွင် စစ်ကောင်စီက လွိုင်ကော်မြို့နယ်မှ တစ်ဖက်သတ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ (စက်တင်ဘာ ၂၁) ရက် မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင် ဆောင်ကန်း ကျေးရွာထဲတွင် တိုက်ပွဲဖြစ်ပွားမှု မရှိပေမယ့် စစ်ကောင်စီက လက်နက်ကြီးကို တစ်ဖက်သတ်ပစ်ခတ်ခဲ့ပြီး အသက် (၆၀) အရွယ်ရှိ ဦးဂျူး သေဆုံးသွားကြောင်း သိရသည်။

ဖယ်ခုံမြို့

“တိုက်ပွဲလည်း မဖြစ်ပဲ စစ်ကောင်စီက လက်နက်ကြီးတွေ တစ်ဖက်သတ်ပစ်ခတ်ခဲ့တာ။ ကျေးရွာတွေထဲကို ပစ်ခတ်ခဲ့လို့ မနေ့က ဦးလေးတစ်ယောက် သေသွားတာ။ လက်နက်ကြီး ထိမှန်ပြီးတော့ သေသွားတာ။ သူတို့ တစ်ဖက်သတ်ပစ်ခတ်ခဲ့တာ” ဟု ဖယ်ခုံမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးသွားသည့် အမျိုးသားသည် ဆောင်ကန်း ကျေးရွာ နှင့် ဖလိုင်တောင်ခြေကျေးရွာကို လက်နက်ကြီး ပစ်ခတ်စဉ်က ထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုအပြင် စစ်ကောင်စီက အရပ်သားကျေးရွာတွေကို လက်နက်ကြီးတွေ ပစ်ခတ်လာသောကြောင့် ပြည်သူများ အနေဖြင့် ဗုံးခိုကျင်းများတူးထားရန် PDF တပ်ဖွဲ့များက တိုက်တွန်းကြသည်။

“အခုက စစ်ကောင်စီတွေ ကျေးရွာထဲကို လက်နက်ကြီးတွေ ပစ်ခတ်လာခဲ့တာ။ အဲ့ကြောင့် ပြည်သူတွေ လုံခြုံမှုရှိအောင် အိမ်တွေမှာ ဗုံးခိုကျင်းတူးထားဖို့ပဲ တိုက်တွန်းချင်ပါတယ်။ မဖြစ်မနေတူးထားကြပါ။ တကယ်လို့ တိုက်ပွဲဖြစ်ရင်လည်း ကျနော်တို့ သတိပေးသွားမှာပါ” ဟု ဖယ်ခုံ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မိုးဗြဲ၊ ဖယ်ခုံမြို့နယ်ထဲတွင် လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေလျက်ရှိပြီး၊ ဖယ်ခုံ၊ မိုးဗြဲ တိုက်ပွဲကြား ပြည်သူ (၆) ဦးသေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

Leave a Comments