Tuesday, May 7, 2024

မူဆယ်မြို့ ပုံစံမျိုးစုံဖြင့် ငွေကြေးလိမ်လည်မှုများပြားလာ

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ယခုရက်ပိုင်း ပုံစံမျိုးစုံဖြင့် ငွေကြေးလိမ်လည်မှု များပြားလာသဖြင့် ဒေသခံများ၏ လုံခြုံမှုများ မရှိကြောင်း သတင်းရရှိသည်။

လူမှုကွန်ရက် စာမျက်နှာပေါ်တွင်လည်း ပုံစံမျိုးစုံဖြင့် ငွေကြေးလိမ်လည်မှုများ ရှိနေပြီး၊ အထူးသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နာမည်ကို အလွှဲသုံးစားလုပ်နေသူများလည်း ရှိနေကြောင်း မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မူဆယ်မှာ အဖွဲ့အစည်းတွေအရမ်းများတယ်။ အခုအဖွဲ့အစည်းက အရင်ထက်ကို ပိုများလာတာ။ တချို့က ပြည်သူ့ကာကွယ်ရေး (PDF) နာမည်သုံးပြီး ငွေကြေးလိမ်လည်မှု လုပ်တယ်။ တချို့လည်း အပြင်မှာ ဓား၊ တုတ်၊ သေနတ် နဲ့ ဓားပြတိုက်တယ်။ အခုအချိန်မှာ ဘာလုံခြုံရေးမှမရှိတော့ဘူး“ ဟု ၎င်းအမျိုးသားတစ်ဦး ပြောသည်။

မူဆယ်မြို့

အဆိုပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို နာမည်အလွှဲသုံးစားလုပ်ပြီး ပြည်သူများကို ခြိမ်းခြောက်ကာ ပိုက်ဆံမြန်မာကျပ်ငွေ သိန်း (၁၅၀) တောင်းဆိုခဲ့ဖူးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ထိုသို့ မူဆယ်မြို့မှာ ပုံစံမျိုးစုံဖြင့် ငွေကြေးလိမ်လည်မှုများ၊ ဓားပြတိုက်မှုများ၊ လုယက်မှုများပြားလာသဖြင့် ပြည်သူများ၏ လုံခြုံရေးအတွက်မှာ တနေ့တခြား ပိုမိုဆိုးရွားလာကြောင်း မူဆယ်မြို့ဒေသခံ အသက် (၃၀) တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘယ်သွားသွား ဓားပြတိုက်မယ့်သူက နေရာတိုင်းမှာရှိတယ်။ လက်နက်တွေလည်း နေရာတိုင်းမှာ ဝယ်လို့ရနေသလို ဖြစ်နေတယ်။ ယောင်္ကျားလေးနှစ်ယောက် ဆိုင်ကယ်တစ်စီးထဲ စီးရင်တောင် မလုံခြုံတော့ဘူး။ ဆိုင်ကယ်လုခံရတယ်။ သူခိုး၊ ဓားပြတွေက အဖွဲ့တွေနဲ့ လူအင်အားကလည်း တအားများတယ်” ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် မူဆယ်မြို့တွင် တနေ့တခြား ပုံစံမျိုးစုံ လုယက်မှုများ၊ ဓားပြတိုက်မှုများရှိနေသော်လည်း သက်ဆိုင်ရာ အရာရှိ ရဲတပ်ဖွဲ့များက တစ်ကြိမ်တခါမျှ ဖမ်းဆီးအရေးယူပေးခြင်းမရှိသဖြင့် ပြည်သူများက ကိုယ်တိုင်ဦးစီး ဆောင်ရွက်နေရကြောင်းဒေသခံများက ဆိုသည်။

Leave a Comments

- Advertisement -spot_img

Latest article