Saturday, April 20, 2024

ဖယ်ခုံမြို့နယ် လွယ်ပေါရွာသားတစ်ဦး ကျည်ထိမှန်

Must read

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်း လွယ်ပေါကျေးရွာမှာ စစ်ကောင်စီက ယနေ့ (သြဂုတ် ၂၅) ရက် မနက် ၉ နာရီ ဝန်းကျင်တွင် တဖတ်သတ် လက်နက်ပစ်ခတ်သဖြင့် အရပ်သား တစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။

အဆိုပါ သေနတ်ထိမှန်သည့် အမျိုးသားသည် အသက် (၄၀) ဝန်းကျင်ရှိပြီး၊ လက်မောင်းတွင်ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ သူတို့က ရွာထဲကိုလာပြီး စစ်ရေးထိုးဆင်းလာတာ။ ပြည်သူတွေကို သေနတ်တွေနဲ့ လိုက်ပစ်ပြီး မောင်းထုတ်တဲ့သဘောပေါ့။ အမျိူးသား တစ်ဦးကတော့ လက်မောင်းမှာ ကျည်ထိမှန်သွားတယ်” ဟု ဖယ်ခုံတပ်ရင်း (၂) မှ PDF တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွယ်ပေါကျေးရွာ

လွယ်ပေါကျေးရွာအတွင်း စစ်ကောင်စီတပ်မှ တပ်စွဲထားသဖြင့် ဒေသခံများသည် မေလ မှစတင်ကာ စစ်ဘေးရှောင်နေရပြီး ၊ တိုက်ပွဲများမရှိတော့သဖြင့် ဒေသခံများက မိမိနေရပ်သို့ ယမန်နေ့ (သြဂုတ် ၂၄) ရက်တွင် ပြန်သွားနေကြသည်။

“စစ်ရှောင်တွေ မနေ့ကမှ ပြန်သွားတာ။ စစ်ကောင်စီက တဖတ်သတ်ပစ်လို့ ဒီနေ့တော့ အကုန်ပြန်လာကြပြီး” ဟု ပင်လောင်းမြို့နယ်အတွင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသားက ပြောသည်။

အဆိုပါ လွယ်ပေါကျေးရွာ ဒေသခံများသည် ပင်လောင်းမြို့နယ်အတွင်းသို့ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

လက်ရှိ ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိကြောင်း တိုက်ပွဲငြိမ်နေပြီး စစ်ရေးတင်းမာမှုလည်း မရှိကြောင်း PDF က ဆိုသည်။

ဖယ်ခုံမြို့နယ်အတွင်း လွယ်ပေါတောင်ပေါ်၊ ဆောင်နန်းခဲကျေးရွာ ၊ လွယ်မကူးတောင်ပေါ်တွေမှာ တပ်စွဲ ထားကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article