သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ကားဂိတ်များကို အေးသာယာမြို့ ကားလေးကွင်းဂိတ်သို့ သြဂုတ် ၂၈ ရက် နောက်ဆုံးထားပြောင်းရွေ့ရမည်ဟု အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် က ညွှန်ကြားလိုက်ကြောင်း စုံစမ်းသိရသည်။

တောင်ကြီးမြို့ပေါ်ရှိ လိုင်းကားများကို အေးသာယာမြို့ ကားလေးကွင်းမှာ လက်ရှိ ဆောက်လုပ်ပြီးသော ဆိုင်ခန်းသစ်သို့ သြဂုတ် ၂၈ ရက်နောက်ဆုံးထား ပြောင်းရွှေ့ရမည်ဟု အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ညွှန်ကြားထားကြောင်း ကားဂိတ်ပိုင်ရှင်များက ပြောသည်။
ထို ကားဂိတ်များပြောင်းရွှေ့ရမည့်နေရာသည် အေးသာယာာ ကားလေးကွင်းဖြစ်ပြီး ဆိုင်ခန်းတခန်းလျှင် ကျပ်သိန်း (၁၅၀) နှုန်းရှိကြောင်း သိရသည်။
“ကျနော်တို့ကို ဒီလ ၂၈ ရက် နောက်ဆုံးပြောင်းရမယ်လို့ ပြောတယ်။ ပြောင်းရမယ့် အေးသာယာ ကားလေကွင်းက ဆိုင်ခန်းက တခန်း ကို ကျပ်သိန်း (၁၅၀) ပေးရတယ်။ ဒီကာလမှာက အရမ်းခက်ခဲတယ်လေ” လို့ ကားဂိတ်ပိုင်ရှင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အေးသာယာကားလေးကွင်းတွင် ဆိုင်ခန်းသစ် အခန်း (၄၀) နီးပါး ဆောက်ထားကြောင်း၊ ယခင်တွင် အရစ်ကျစနစ်ဖြင့် ကားဂိတ်များကိုရောင်းချပေးရာ လက်ရှိမှာတော့ လက်ငင်းပေးချေစနစ်ဖြင့် ရောင်းချမည်ဟုပြောဆိုလာသဖြင့် ကားဂိတ်ပိုင်ရှင်များလည်း ခက်ခဲနေကြကြောင်း အထက်ပါ ကားဂိတ်ပိုင်ရှင်တစ်ဦးက ဆိုသည်။
တောင်ကြီးမြို့ ရှိ မောချယ်ရီ ကားဂိတ်ကို ပြီးခဲ့သည့် (၂၀၁၉) ခုနှစ် နှစ်လယ်ပိုင်း ကတည်းကပင် ပြောင်းရွှေ့ရန်အတွက် ဖိအားပေးခဲ့ပြီး ယခုတွင် (၅) ကြိမ်မြောက် ထပ်မံညွှန်ကြားနေကြောင်း သိရသည်။

ထို့အပြင် တောင်ကြီးမောချယ်ရီ ကားဂိတ်၏ အနီးတဝိုက်ရှိသော ဆိုင်ခန်းများကိုလည်း ပြောင်းရွှေ့ရန်အတွက် စီစဉ်ထားပြီး လက်ရှိဆိုင်ခန်းဖွင့်လှစ်သူများမှာ ဆိုင်ခန်းခများ မတတ်နိုင်ကာ စားဝတ်နေရေးအတွက် ဆိုင်ခန်း ဖွင့်လှစ်ထားသူများလည်း အခက်အခဲဖြင့် ကြုံတွေ့နေရကြောင်း ဆိုင်ခန်းဌားနေသူ တစ်ဦးက ပြောသည်။
“ကားဂိတ်တွေ မဟုတ်ဘူး။ ဆိုင်ခန်းတွေလည်း ရွှေ့ခိုင်းဖို့ ပြောတယ်။ ဘယ်အချိန် ပြောင်းရွှေ့ရမယ်လို့ တော့မပြောသေးပါဘူး။ ကားဂိတ်နဲ့အတူ ပြောင်းဖို့ကလည်း ဆိုင်ခန်းခက ဈေးကြီးတယ်။ ပြောင်းရွှေ့ဖို့နေရာ လည်း မရှိတော့ ကျမတို့ဆိုင်လည်း ပိတ်ရမယ့် အနေအထားရှိတယ် “ ဟု ၎င်းဆိုင်ခန်းငှားပြီး ထမင်းဆိုင်ဖွင့်ထားသည့်အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အလားတူ မြို့ပေါ်ရှိ လိုင်းကားများကို အေးသာယာမြို့ ကားလေးကွင်းတွင် ရွေ့ပြောင်းရမည်ဟု ဆိုသောကြောင့် တောင်ကြီးမြို့ရှိ ပြည်သူများက ပစ္စည်းပို့ဆောင်ရန်အတွက် ကုန်ကျစရိတ်ပိုများ လာနိုင်ကြောင်း တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ သူတို့က ရွေ့ဖို့လုပ်တာတော့ ကြာနေပြီပဲ။ ရွေ့လိုက်ရင်တော့ မြို့ပေါ်ကလူတွေ ပစ္စည်းပို့ချင်ရင်တော့ တစ်ခါပြန်ဆင်း ရတာပေါ့။ ပစ္စည်းတစ်ခုပို့ဖို့ ကုန်ကျစရိတ်က ပိုကုန်လာတာပေါ့ “ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။
လက်ရှိကာလသည် မြန်မာတဝှမ်းလုံး ကုန်စျေးနှုန်းမြင့်တက်မှု၊ ဆီစျေးနှုန်းမြင့်တက်မှုကြောင့် စီးပွားရေး ကျဆင်းနေချိန် စစ်ကောင်စီ၏ မူဝါဒ မကြာခဏပြောင်းလဲမှုသည်လည်း ပြည်သူများ စိုးရိမ်သောကများဖြင့် နေထိုင်နေရသည်။











Leave a Comments