၁၀ စုနှစ် နီးပါး စစ်ရေး ပဋိပက္ခ တည်ငြိမ်လာတဲ့ လွိုင်လင်ခရိုင်ရှိ မြို့နယ် တချို့ စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ စစ်ရေးလှုပ်ရှားမှု များပြားလာတာနဲ့ တစ်ပြိုင်တည်း စစ်သားစုဆောင်းမှုတွေလည်း မြို့နယ်အလိုက် ရှိနေပါတယ်။ နိုင်ငံရေး ငြိမ်သက်မှု မရှိတဲ့အတွက်ကြောင့် ဒေသခံတွေက စားဝတ်နေရေး ခက်ခဲနေတဲ့ကြားက စစ်သားစုဆောင်းမှုလည်း ကြောက်နေရတဲ့အတွက်ကြောင့် လှုမှုစီးပွားရေးတွေလည်း ထိခိုက်နစ်နာတယ်လို့ ဒေသတွင်း အမျိုးသမီးအရေး ဆောင်ရွက်တဲ့သူလည်းဖြစ် ကျေးလက်ဒေသဖွံ့ဖြိုးရေး အရေးမှာ လှုပ်ရှားဆောင်ရွက်နေသူ အမျိုးသမီး တစ်ဦး ကို သျှမ်းသံတော်ဆင့် သတင်းဌာနမှ နန်းဒေဝီက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ၁၀ စု နှစ် နီးပါး စစ်ရေး ပဋိပက္ခ တည်ငြိမ်လာတဲ့ ပင်လုံမြို့ ၊ လဲချားမြို့နယ် နဲ့ မိုင်းကိုင်မြို့နယ် တွေမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေလည်း စစ်ရေးလှုပ်ရှားမှုတွေ များပြားလာတာ တွေ့ရပါတယ်။ အဲ့ဒီအနေနဲ့ လက်ရှိ ပဋိပက္ခထဲမှာ နေထိုင်တဲ့ အမျိုးသမီး လူငယ်တစ်ဦး အနေနဲ့ ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ ကျမတို့ ဒေသအတွင်း ထိုက်သင့်သလောက် ငြိမ်းချမ်းခဲ့တာ ၁၀ စုနှစ် နီးပါးလောက်ရှိခဲ့ပြီဆိုတော့ ကျမတို့ ငယ်တုန်းကနဲ့စာရင် အရမ်းကြီးကို တိုးတက်လာတယ်လို့ ပြောရပါမယ်။ ဥပမာ မြို့ထဲမှာဆို အိမ်အသစ်ဆောက်တဲ့သူတွေ အရမ်းများလာတယ်။ အခြေအနေ တည်ငြိမ်ကောင်းမွန် စိတ်ချရလောက်ပြီလို့ သတ်မှတ်ပြီး ၃ ထပ်၊ ၃ ထပ်ခွဲတိုက်တွေတောင် အများကြီးဆောက်လာကြတယ်။ အရင်ကဆိုရင်တော့ ဘယ်ချိန်ပြေးရမလဲဆိုပြီး ပိုက်ဆံရှိရင်တောင် အဲ့လိုမဆောက်ရဲကြပါဘူး။ လမ်းတွေ နဲ့ မြို့ရွာ၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေလည်း လွှတ်တော်အမတ်တွေနဲ့ အာဏာပိုင်တွေပူးပေါင်းပြီး ပိုမိုလုပ်ဆောင်လာနိုင်ခဲ့တယ်လို့မြင်မိတယ်။ အခုလို ကိုဗစ်လဲပေါ် အာဏာလဲသိမ်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အချင်းချင်း တိုက်တာမျိုး၊ စစ်ရေးလှုပ်ရှားတာမျိုးတွေဖြစ်လာချိန်မှာ စိတ်ကအရင်လို မလုံခြုံတော့ပဲနဲ့ ဘယ်တော့ဘာထ ဖြစ်မယ်မသိ အသင့်အနေအထားမှာ နေနေရတယ်။
အကယ်၍ လွတ်ရာကျွတ်ရာ ပြေးမယ်ဟေ့ဆိုရင်တောင် လက်ရှိ ကိုယ့်နိုင်ငံမှာ ဘယ်မြို့က လူကောစိတ်ပါ အလုံခြုံဆုံးပေးနိုင်လဲ ဆိုတာတောင် ပြစရာမရှိပါဘူး။ ဒီလိုစစ်ရေးလှုပ်ရှားမှုတွေများပြားလာတော့ တစ်ရက် တစ်ရက် သတင်းတွေကလဲ စိတ်မကောင်းစရာတွေချည်းပဲ။ ကျမတို့တောင် ဒီလိုခံစားနေရတာ စိတ်က အဆင်ပြေမနေဘူး။ ကိုယ်တွေရဲ့ ဘိုးဘွားတွေဆိုပိုဆိုး မွေးကတည်းကနေခုထိ ဖြတ်လေးဖြတ်အပါအဝင် နှစ်ပေါင်း ၇၀ ကျော် ခံစားခဲ့ရတာ၊ စိတ်မကောင်းရုံကလွှဲပြီး။ အဲ့လိုတွေဖြစ်တော့ အဖက်ဖက်က ပိုပိုဆုတ်ယုတ်လာတာပေါ့။
မေး။ ။ လက်ရှိ အဲ့ဒီဒေသရဲ့ လူမှုစီးပွားရေး အခြေအနေကို ပြောပြပေးပါလား။
ဖြေ။ ။ မြို့တွေနဲ့ရွာတွေက ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီတွေဆိုတော့ အချင်းချင်းမှီခိုနေကြရတာပါ။ ကျေးရွာက စိုက်ပျိုးသီးနှံတွေထွက်ရှိမှ မြို့ကအဝယ်ဒိုင်တွေ အလုပ်ဖြစ်ကြရတာပါ။ ကျေးရွာတွေမှာ စစ်ရေးတင်းမာတာမျိုးရှိလာရင်လဲ နီးစပ်ရာပြေးကြရတာပါပဲ။ စိုက်ပျိုးချိန်တို့ ရိတ်သိမ်းချိန်တို့မှာ ဖြစ်ပြီဆိုရင်သေရောပေါ့။ ဒီစိုက်ပျိုးထားတာတွေကနေ ရမဲ့ဝင်ငွေနဲ့ တစ်နှစ်လုံးသုံးဖို့ လိုအပ်တာတွေ ဝယ်ရမယ်၊ စုဆောင်းရမယ်၊ စိုက်ပျိုးဖို့အတွက် မြေဩဇာတွေ ဘာတွေ ဝယ်ထားတဲ့ အကြွေးတွေပြန်ဆပ်ရမယ်။
မိုင်းကိုင်က မြေဧက ၅၀၀ ကျော် မစိုက်ပျိုးနိုင်ဘူးဆိုတာ။ အဲ့ထက်မကလဲရှိပါအုံးမယ်။ အခုက စစ်သားစုဆောင်းတာတို့ ခဏဖမ်းသွားတာတို့ ဆိုတဲ့ သတင်းတွေကလဲ အရင် (၂) ပတ်တုန်းကဆိုအရမ်းကြားရတယ်။ ရွာမှာတင်ပဲမဟုတ် မြို့ထဲတွေထိပါဖြစ်လာတယ်။ စာရင်းထဲပါရင် တွေ့တဲ့နေရာကနေ ဖမ်းသွားတာမျိုးလဲကြားရတယ်။
လယ်ထဲကနေလည်းဖမ်းတယ် လမ်းပေါ်လည်းဖမ်းတယ်လို့ သတင်းကြားကြတော့ မြို့ကတိတ်ဆိတ်ငြိမ်သက်သွားတယ်။ ညဈေးဆိုလည်း စောစောသိမ်းတယ်။ မနက်မိုးမလင်းခင်တို့ မှောင်တဲ့အချိန်တို့မှာလည်းဖမ်းတယ်။ သတင်းထွက်တော့ ည ၇ / ၈ နာရီလောက်ဆို သိမ်းကုန်ကြပြီ။ တိတ်ဆိတ်ငြိမ်သက် မီးပိတ်အိပ်ပဲ။ မီးလာရင်တောင် မလိုအပ်ရင် မီးမထွန်းကြတော့ဘူး။
မေး။ ။ ဒီလို ပဋိပက္ခတွေကြားထဲမှာ နေထိုင်ရတာ ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လို စိုးရိမ်မှုတွေ ရှိပါသလဲ။
ဖြေ။ ။ စိုးရိမ်မှုတွေက အများကြီးပါပဲ။ ဘယ်ချိန်စစ်အင်အားတွေဖြည့်တင်းမလဲ။ ဘယ်ချိန်စစ်ထဖြစ်မလဲ။ ဘယ်ချိန် လာဖမ်းသွားမလဲ။ ဘယ်အိမ်ကသားယောကျ်ားလေး (သို့) အိမ်ထောင်ဦးစီးပဲ ပါသွားသွား တကယ်စိတ်မကောင်းပါဘူး။
တချို့မိခင်တွေဆို စိုးရိမ်ပြီးတော့ သူတို့သားနောက်လိုက်သွားပြီး ရက်ပိုင်းနေတော့ ပြန်လာတယ် လို့လဲကြားရတယ်။ တစ်ချို့တွေဆို အခြားကိုရှောင်ပြေးသွားကြတယ် အဖမ်းခံရပြီး စစ်သားလုပ်ရမှာစိုးလို့။ “အခုက စစ်သားဖြစ်ခဲ့ရင်တောင် အချင်းချင်းပြန်တိုက်ကြရတော့ ရင်နာရတယ်။
မိဘတွေအဖို့ ကိုယ်မွေးထားတဲ့သား ချစ်လို့တောင်မဝသေးခင်မှာ သူများလက်ထဲ စိတ်မချမ်းမြေ့စွာ အပ်နှံကြရတာကိုတွေးပြီး ရင်နဲ့အမျှ ကိုယ်ချင်းစာ စိတ်မကောင်းဖြစ်ရပါတယ်။
မေး။ ။ လူမှု စီးပွားရေး အတွက် ဘယ်လို ထိခိုက်နစ်နာသွားပါသလဲ။
ဖြေ။ ။ အခြေနေတွေမကောင်းတော့ ရွာကလူလည်း မြို့မလာ၊ မြို့ကလူလည်း ပစ္စည်းရောင်းအားတွေ အရမ်းကျသွားကြတယ်။ ဈေးလည်းလုံးဝ မစည်တော့ဘူး။ လယ်မစိုက်ရတဲ့ သူတွေလည်းနစ်နာတယ်။ စိုက်ပြီး သီးနှံဈေးမရှိလို့ ရှုံးတဲ့သူတွေလည်း နစ်နာတယ်။ တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့ မြို့ပေါ်ကလူတွေလည်းနစ်နာတယ်။ ဈေးထဲမှာ ဈေးရောင်းသူတွေလည်း အရမ်းငြီးလာကြတယ်။ ရောင်းမကောင်းရုံမက ပစ္စည်းဈေးနှုန်းတွေပါတက်လို့။
ဥပမာ – ၁၀,၀၀၀ နဲ့ ရောင်းလိုက်တဲ့ ပစ္စည်းက မနက်ဖြန်ပြန်ဝယ်ရင် ၁၂,၀၀၀ တွေထိတက်တော့ ဘယ်လိုရောင်းရမှာလဲတဲ့။ သားယောကျ်ားလေးတွေကို ဖမ်းမှာစိုးလို့ အခြားကို ပြေးသွားတော့ လူအင်အားကလျော့။ စိုက်ပျိုးချိန်မှာ အဲ့လိုဖြစ်တော့ အလုပ်ကမတွင်။ အခြေအနေမကောင်းရင် ရိတ်သိမ်းချိန်မှာ ပြေးနေရရင် သီးနှံထွက်လာရင်လဲ ဈေးကောင်းမရရင်ဆိုတဲ့ စိုးရိမ်မှုမျိုးတွေကြောင့် တချို့လည်း စိုက်တာနဲ့လာတာမျိုးတွေလည်းရှိတယ်။
သားသမီးငယ်လေးတွေရှိတဲ့ အိမ်ထောင်သည် လူငယ်တွေလည်း ကလေးနဲ့ဝေးရ မိခင်တစ်ယောက်ထဲကပဲ ပိုက်ဆံရှာရ၊ အိမ်မှုကိစ္စလုပ်ရ ကလေးပြုစုရ ပညာရေးအတွက်ထောက်ပံ့ရနဲ့ တစ်ယောက်ထဲ လုံးပန်းနေရမယ်။
၅ နှစ် အနည်းဆုံး စစ်တာဝန်ထမ်းဆောင်ရမယ်ဆိုတော့ ဒီကြားထဲ အမျိုးသမီးကို လာနှောက်ယှက်ချင်သူက ရှိချင်ရှိဦးမယ်။ အချုပ်ဆိုရမယ်ဆိုရင်တော့ စီးပွားရေး ချွတ်ခြုံကျတဲ့အပြင် ဘာသာရေး၊ ပညာရေး၊ လူမှုရေး ကိစ္စတွေကလည်း ဆက်စပ်ပြီး ဆုတ်ယုတ်လာနိုင်မှာ ဧကန်အမှန်ပါပဲ။
မေး။ ။ ဒီလိုတွေ လက်နက်ကိုင်တွေ မြို့ပေါ်ထိ စစ်သားကောက်တာတွေရှိတယ်လို့ ကြားတယ်။ ပြည်သူတွေအတွက် ဘယ်လို စိန်ခေါ်မှုတွေ ရှိပါသလဲ။
ဖြေ။ ။ အပေါ်က ပြောခဲ့သလိုပါပဲ။ စိန်ခေါ်မှုတွေ အရမ်းများတယ်။ တချို့က ကိုယ့်သားကို ဖမ်းသွားရင် ပိုက်ဆံနဲ့ လိုက်ညှိတယ်။ တချို့က အဆမတန်တောင်းတာကို မတတ်နိုင်လို့ သားကိုပေးလိုက်ရတယ်။ သူတို့အိမ်က အိမ်ထောင်ဦးစီး (သို့) စီးပွားရေးဆက်ကူလုပ်ပေးသူနည်းလာတော့ အလုပ်မတွင် ဝင်ငွေတွေပါနည်းလာမယ်။ ကျမအမြင်မှာ ဒီလိုတွေဆက်ရှိနေရင်တော့ စီးပွားရေးက ရှေ့တိုးမလာဘဲ အနောက်ကိုပဲ ဆုတ်ဆုတ်သွားမယ်။ ပြည်သူလူထုတွေက ကိုဗစ်ကြောင့်၊ စစ်အာဏာသိမ်းမှုကြောင့် စိတ်ရောလူပါ အရမ်းဗျိုင်းနေလို့ နလန်ပြန်ထဖို့နေနေသာသာ လဲရာသူခိုးထောင်း၊ အနာပေါ် ဆားထည့် အဖြစ်မျိုးနဲ့ ကြုံရတော့ လူတိုင်းငြီးနိုင်စွမ်းတောင်ကုန်တယ်။ ဒီလိုပဲဆက်သွားရင်တော့ စီးပွားရေး အခြားအရေးတွေ အကုန်ဆုတ်ယုတ်ကုန်မယ်။ အခုဆိုရင် ငွေကြေးဖောင်းပွမှုကြောင့် ဆီဈေး၊ ရွှေဈေး၊ ဒေါ်လာဈေးတွေ၊ ကုန်ဈေးနှုန်းတွေလည်း အဆမတန် နေ့တိုင်းတက်နေတာ။ ဒီလိုဖြစ်တဲ့ဒေသမှာ နေနေတဲ့ သူတွေလည်း အနေကျဉ်းကြပ်ရုံမက စိတ်ဒဏ်ရာတွေ စိုးရိမ်မှုတွေနဲ့ နေကြရတယ်။
မေး။ ။ စစ်သားစုဆောင်းမှုကြောင့် လူငယ်တွေ ပြည်ပကို ထွက်ပြေးသွားတာတွေရှိတယ် အဲ့ဒီအပေါ်မှာကော ဘယ်လို ပြောချင်ပါသလဲ။
ဖြေ။ ။ ယနေ့လူငယ်တွေဆိုတာ နောင်အနာဂတ်ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့အလျောက် ဒေသတစ်ခု၊ နိုင်ငံတစ်ခုရဲ့ လူငယ်အရင်းအမြစ်တွေက တစ်ချိန်လုံးပြေးနေရ ရှောင်တိမ်းနေရတယ်ဆိုရင် အဲ့ဒီဒေသအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ဆောင်မဲ့ လူငယ်အရင်းအမြစ်တွေ ဆုံးရှုံးသွားကုန်ပါမယ်။ အဲ့ဒါဆိုရင် အဲ့ဒေသကတော့ နဂိုအတိုင်း ဒုံရင်းဒုံရင်းနဲ့ ဆက်သွားနေမှာပါပဲ။ အဲ့ဒါနဲ့ဆက်စပ်ပြီး ဟိုနေ့ကြားခဲ့တဲ့ ရင်ထဲက စကားလေးကို ဝေမျှချင်ပါတယ်။ “ရှမ်းပြည်သူလူထုတွေကို ကာကွယ်ဖို့ တည်ထောင်လာတာမှန်ပေမဲ့ မအားကိုးရရင်နေပါစေ လာမနှောက်ယှက်ပါနဲ့တော့”ဆိုတဲ့ ရင်ဖွင့်သံလေးပါ။ တကယ်ခံစားရပါတယ်။
မေး။ ။ လက်ရှိ သျှမ်း တပ် (၂) တပ် တွေ့ဆုံ ဆွေးနွေးမှု မပြုလုပ်နိုင်ပဲနဲ့ အာဏာသိမ်း စစ်ကောင်စီ နဲ့ တွေ့ဆုံဆွေးနွေးတဲ့အပေါ်မှာကော ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ ကျမတို့လို သာမန်လူတွေအနေနဲ့ကတော့ သျှမ်းတပ် (၂) တပ်က ဘယ်လိုအကြောင်းရင်းကြောင့် အာဏာသိမ်းစစ်ကောင်စီ နဲ့ သွားတွေ့ကြသလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ သွားတွေ့တယ်ဆိုတာကိုတော့ လက်လှမ်းမမှီနိုင်ပါဘူး။ သူတို့မှာလည်း သူတို့ကြောင်းပြချက်နဲ့သူတို့ ရှိနိုင်ပါတယ်။ တောင်ပေါ်နဲ့ မြေပြန့် တော့ သမိုင်းအရလည်း မတူဘူးဆိုတော့လေ။ ရန်သူလျှော့ချတာလဲဖြစ်နိုင်တယ်။ သို့ပေမဲ့ နှစ်ပေါင်း ၇၀ ကျော်ကြာ စစ်ကောင်စီကြောင့် ခံစားလာရတဲ့ ပြည်သူလူထုကိုတောင်မှ မထောက်ပဲ နေပြည်တော်အထိ သွားရောက်တွေ့ဆုံတာကို မနှစ်မြို့တဲ့ပြည်သူတွေ အများအပြား ရှိကြတယ်ဆိုတာကိုတော့ ပိုစ့်တွေရဲ့ ကော်မန့်တွေမှာလဲ ဖတ်ရပါတယ်။
တစ်ချို့လည်း ကိုယ့်အချင်းချင်းကြားကျတော့ မဆွေးနွေး၊ မညှိနှိုင်းဘဲ ဘုံရန်သူကိုကျ တစ်ကူးတစ်က သွားတွေ့တယ်ဆိုတဲ့ ဝေဖန်မှုမျိုးလည်း မြင်နေရတယ်။ ဒါ့အပြင် တခြားလက်နက်ကိုင်တပ်ဖွဲ့တွေက ဒီမိုကရေစီ ရရှိရေးအတွက် ဘုံရန်သူ စစ်အာဏာရှင်ကို ပူးပေါင်းတိုက်ခိုက်နေချိန် ဒီလိုတွေသွားတွေ့ဆုံတော့ ဟားစရာပါ ဖြစ်သွားတာမျိုးကိုလဲ ကြားနေရပါတယ်။ ဘယ်သူတွေက ဒီကစားပွဲတွေရဲ့ အနောက်ကနေ ဘယ်လိုတွေ ကြိုးကိုင်နေကြတယ်ဆိုတဲ့ ဆောင်းပါးတွေကိုလဲဖတ်နေကြရတယ်။ ဒါကြောင့် ကျမတို့ တတ်နိုင်သလောက် အဖက်ဖက်ကိုလည်း နားထောင်ပြီး တတ်စွမ်းသလို ဆင်ခြင်လေ့လာသုံးသပ်ပြီး သတိပြုသင့်တာပြုရပါမယ်လို့မြင်မိတယ်။ အခုခေတ်က fake news (သတင်းတု) တွေကော bias news (ဘက်လိုက်တဲ့သတင်း) တွေကော အရမ်းများလာတော့လေ။
မေး။ ။ လူထု အနေနဲ့ ငြိမ်းချမ်းစွာ ရှာဖွေစားသောက်နိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အားလုံးကို ဘာပြောချင်သလဲရှင့်။
ဖြေ။. ။ စစ်မက်မဖြစ်စေချင်ဘူး။ တင်းမာမှုတွေမရှိစေချင်ဘူး။ အခွန်ကောက်တာတွေမရှိစေချင်ပါဘူး။ ပြီးတော့ စစ်သားစုဆောင်းတာတို့ ဖမ်းဆီးခေါ်ဆောင်တာတို့ ခရီးလမ်းမှာ အစစ်ဆေးခံရတာတွေ မရှိစေချင်ပါဘူး။ ဒါတွေဆက်ဖြစ်နေသ၍ စီးပွားရေး၊ စားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အကုန်ထိခိုက်နေမှာပဲ။ အဆုံးစွန်ထိ ဘယ်လိုမှ မရတဲ့အဆုံးဆိုရင်လဲ ပြည်သူ့အရေးကို ဦးထိပ်ထားပြီး ပြည်သူများရဲ့ အရေးမှန်သမျှ စိတ်လက်ချမ်းသာစွာ ရှေ့ဆက်နေထိုင်သွားနိုင်ဖို့ ရည်ရွယ်ဦးတည်ပြီး နည်းလမ်းမျိုးကိုတွေးပေးစေချင်ပါတယ်။ အခုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို ဒီလောက်ပဲ အရင်တောင်းဆိုချင်ပါတယ်။
မေး။ ။ အမျိုးသမီး တစ်ယောက်အနေနဲ့ ဒီလို ပဋိပက္ခထဲ နေထိုင် ရတာ စိတ်လုံခြုံမှုရှိပါသလား။
ဖြေ – စိတ်လုံခြုံမှုလုံးဝမရှိပါဘူး။ ဘယ်ချိန်ဘာထဖြစ်မယ်လဲ ကြိုမသိနိုင်ဘူး။ ဒီနေ့ဒီလိုဖြစ်သွားတယ် နက်ဖြန်ကျ နောက်တစ်မျိုးထပ်ဖြစ်ပြန်ရော။ အခြေအနေက နေ့တိုင်းပြောင်းနေတာ။ မပြီးဆုံးနိုင်ရုံမက အသစ်အသစ်ထပ်တိုးလာတဲ့ အခြေအနေကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ဖို့ အရမ်းကြိုးစားနေရတယ်။ သဘာဝဘေးအန္တရာယ်တွေကလဲထပ်ရှိ။ ကြည့်လိုက်ရတဲ့သတင်းတွေကလဲ တခုမှ ကောင်းတာမရှိ (ကုန်ဈေးနှုန်းတက်တာတွေ အပါအဝင်)။ စိတ်ပိုင်းဆိုင်ရာ မကျန်းမာတာက ပိုပိုဆိုးလာကြတာတွေ့ရတယ်။ အပူတွေချည်းပါပဲ။
ကိုယ်တောင် အဲ့လိုဖြစ်နေတယ်ဆိုရင် ကိုယ့်ကလေးအတွက် ကိုယ့်မိသားစုအတွက် ကိုယ့်သားအတွက် ကိုယ့်လယ်အတွက် ပူနေရတဲ့ အမျိုးသမီးထုကြီးတစ်ခုလုံးလဲ ကိုယ့်ထက် အဆများစွာ ပိုပူနေမှာပါပဲ။
မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများ ပြောချင်ပါသလဲရှင့်။
ဖြေ။ ။ လူငယ်အမျိုးသမီးတစ်ဦးအနေနဲ့ ဖြည့်စွက်ချင်တာကတော့ သင်ဆရာ၊ မတစ်ဦးရဲ့ စကားကို ပြန်ကြားယောင်မိတာပါပဲ။ “အမျိုးသားထုတွေရဲ့ အာဏာလွန်ဆွဲပွဲကြီးမှာ အများဆုံး ဒဏ်ခံရတာ အမျိုးသမီးနဲ့ ကလေးငယ်တွေပါတဲ့” တကယ်လည်းဟုတ်ပါတယ်။ စစ်ဘေးရှောင်ရင်း အသက်လုပြီး လမ်းမှာမီးဖွားရတဲ့ အထိပါရှိခဲ့တယ်။ နိုင်ငံရေးပြဿနာကို အကြမ်းဖက်နည်းမသုံးဘဲ နိုင်ငံရေးနည်းလမ်းနဲ့ ကိုယ့် ပြည်သူလူထုတွေရဲ့ အကျိုးကိုသာ ရှေးရှုပြီး တိုင်းပြည်အတွက် ဒေသအတွက် စွန့်လွှတ်အနစ်နာခံပြီး အကောင်းဆုံး လုပ်ဆောင်သွားဖို့လဲ အရမ်းမျှော်လင့်နေမိပါတယ်။
အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။