Wednesday, April 24, 2024

ဖယ်ခုံမြို့ ကယန်းစာပေ ယဉ်ကျေးမှု ဥက္ကဌ ပစ်သတ်ခံရ

Must read

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းတွင် နေထိုင်သည့် ကယန်းစာပေ နှင့် ယဉ်ကျေးမှု ဥက္ကဌ ကို ယနေ့ (ဩဂုတ် ၁၁) ရက် မနက်ပိုင်းတွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ လာရောက်ပစ်သတ်သွားကြောင်း စုံစမ်းသိရသည်။

အဆိုပါ ပစ်သတ်ခံရသည့် ကယန်းစာပေ နှင့် ယဉ်ကျေးမှု ဥက္ကဌ ဆရာဖရန်စစ္စကို သည် ယနေ့ (သြဂုတ် ၁၁) ရက် မနက်ပိုင်း ပြောင်းခြံသွားချိန်တွင် ဆိုင်ကယ်တစ်စီးမှ လူနှစ်ယောက်စီးလာပြီး သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း ဖယ်ခုံမြို့နယ် အသက် (၄၀) အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဒီနေ့ မနက်ပိုင်း သူပြောင်းခြံကိုသွားကြည့်ချိန်မှာ ပစ်သတ်ခံလိုက်ရတာ။ ဘယ်သူလာပစ်လည်းတော့ အခုချိန်မှာ စုံစမ်းနေဆဲဖြစ်တယ်။ ဆိုင်ကယ်တစ်စီး နဲ့ လူနှစ်ယောက် လာပစ်သွားတယ်လို့သိရတယ်” ဟု ဖယ်ခုံမြို့ အသက် (၄၀) အရွယ်အမျိုးသားတစ်ဦးက ပြောသည်။

ဆရာဖရန်စစ္စကို သည် ၂၀၁၀ ခုနှစ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့သည့် ကိုယ်စားလှယ်တစ်ဦး ဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်ထိ ဆရာဖရန်စစ္စကို လာရောက်ပစ်သတ်ခဲ့သည့် အဖွဲ့ မသိရှိသေးကြောင်း ဖယ်ခုံမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၂) က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဖယ်ခုံမြို့ ကယန်းစာပေ ယဉ်ကျေးမှု ဥက္ကဌ

“ကျနော်တို့ တပ်ဖွဲ့ကနေတော့ သတ်ဖြတ်တာမျိုးမရှိဘူး။ ဘယ်သူလုပ်ကြံတာလည်း မသိဘူး။ သူကအရင်က ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်ခဲ့ဖူးတယ်။ ၂၀၁၀တုန်းကလည်း ဝင်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့တယ်တဲ့။ ၂၀၁၅ မှာတော့ ရှုံးသွားခဲ့တယ်” ဟု ၎င်းတပ်ရင်းက ပြောသည်။

ဆရာဖရန်စစ္စကို သည် ကယန်းလူမျိုးအရေး၊ စာပေ နှင့် ယဉ်ကျေးမှုအရေးတို့တွင် တက်တက်ကြွကြွပါဝင် ဦးဆောင်သူဖြစ်ကြောင်း၊ ပညာရေး ၊ လူမှုရေး၊ ဘာသာရေး လုပ်ငန်းများတွင် အမြဲပံ့ပိုးကူညီလုပ်ဆောင်ပေးသည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း ကယန်းစာပေ နှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ ယနေ့ ဩဂုတ် ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ထိုသို့ နိုင်ငံရေးရှုပ်ထွေးချိန်တွင် ကယန်းစာပေ နှင့် ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဌကို လုပ်ကြံသတ်ဖြတ်ခြင်းသည် ပြဿနာဖြေရှင်းနည်းမဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ဆရာဖရန်စစ္စကို လုပ်ကြံသတ်ဖြတ်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး ပရဟိတ အဖွဲ့များ၊ နိုင်ငံရေးတက်ကြွသူတစ်ချို့က စိုးရိမ်စွာ နေထိုင်နေရကြောင်း သိရသည်။

“ကျနော်တို့မြို့မှာလည်း ကျနော်တို့ပဲကျန်တယ်။ အသွားအလာ သတိထားသွားရတယ်။ စိုးရိမ်စိတ်တွေတော့ရှိတာပေါ့” ဟု ဖယ်ခုံမြို့က အမည် မဖော်လိုတဲ့ အမျိုးသားက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဗျူစောထီးအဖွဲ့များ ထွက်ပေါ်လာခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများကို PDF တပ်ဖွဲ့များက လုပ်ကြံသတ်ဖြတ်မှုများရှိသလို ၊ စစ်ကောင်စီကို တော်လှန်နေသည့် တော်လှန်ရေးသမားကိုလည်း စစ်ကောင်စီ ဗျူစောထီးများမှ လုပ်ကြံသတ်ဖြတ်မှုများလည်း ရှိနေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article