သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့ မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသော်တာ သေနတ်ပစ်သတ်ခံရသော အမှု နှင့် ပတ်သက်ပြီး သံသယရှိလူငယ်(၁၀) ဦးကို စစ်ကောင်စီ ဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ဉီးသော်တာသည် သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီ မှ သံသယရှိသော လူငယ် (၁၀) ဦးကို ထိုနေ့ နေ့လည်အချိန်တွင် ဖမ်းဆီးနေကြောင်း ညောင်ရွှေဒေသခံ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“သူတို့ သံသယရှိတဲ့ လူတွေကို ရှောက်ဖမ်းနေတယ်။ သူ့ကိုက ထင်တဲ့သူကို ဖမ်းနေတာ။ အခုဖမ်းခံနေရတဲ့ လူငယ်တွေလည်း (၁၀) ယောက်လောက် ရှိနေပြီ။ ဘယ်သူတွေ ဘယ်နေရာက သူတွေလည်းတော့ မသိရသေးဘူး ၊ ကျနော်တို့ လူငယ်တွေလည်း ရှောင်ထားပါ“ ဟု ၎င်းလူငယ်တစ်ဦးက ပြောသည်။
အဆိုပါ ဖမ်းဆီးခံရသော လူငယ် (၁၀) ဦးကို စစ်ဆေးမေးမြန်းရန်အတွက် တောင်လေးလုံး(အကျဥ်းထောင်) သို့ ပို့ဆောင် ထားကြောင်းလည်း သိရသည်။
“အဲ့လိုဖမ်းမိရင် တောင်လေးလုံးကို ပို့လိုက်တာ၊ တချို့မိဘတွေတော့ လိုက်သွားတယ်။ လူငယ်ကို ခြောက်တဲ့သဘော၊ ပိုက်ဆံတောင်းပြီး ပြန်လွှတ်ပေးခြင်းလည်း မသိရဘူး။ သူတို့က ထောင်ထဲကို ပို့ထားတယ် အချုပ်ခန်းတော့ မဟုတ်ဘူး။ ကျနော်တို့လည်း ရှောင်နေရတယ် “ဟု ၎င်း လူငယ်တစ်ဦး က ထပ်လောင်း ပြောသည်။
ယင်းကဲ့သို့ ပစ်ခတ်မှုမဖြစ်ပွားခင် ပြီးခဲ့သည့် ဇူလိုင် ၁ ရက်တွင် ညောင်ရွှေမြို့နယ် အခြေစိုက် Assassin For Justice-AFJ ပျောက်ကြားတပ်ဖွဲ့ကမူ ညောင်ရွှေမြို့နယ်အတွင်း၌ မစ်ရှင်ပြုလုပ်မည်ဖြစ်၍ ပြည်သူများ သတိထားသွားလာရန် သတိပေးကြေညာထားသည်။











Leave a Comments