သျှမ်းပြည် တောင်ပိုင်း မိုင်းပွန်မြို့ရှိ မိုင်းပွန်စော်ဘွား စဝ်စံထွန်းအပါအဝင် ဆွေတော်မျိုးတော်များ၏ အုတ်ဂူသင်္ချိုင်းများကို ဒေသအတွင်း သံဃာတော်များ ဦးဆောင်ပြီး ပြုပြင်မွမ်းမံမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းသိရသည်။
မိုင်းပွန်စော်ဘွား စဝ်စံထွန်းအပါအဝင် ဆွေတော်မျိုးတော်များ၏ အုတ်ဂူနေရာကို အုတ်တံတိုင်း နှင့် အတွင်းပိုင်း ခင်းရန်အတွက် မိုင်းပွန်မြို့ သံဃာတော်များ ဦးဆောင်ကာ ပြုပြင် မွမ်းမံရန် လျာထားကြောင်း မိုင်းပွန်မြို့မှ ကျောင်းထိုင်ဆရာတော်တစ်ပါးက သျှမ်းသံတော်ဆင့်ကို မိန့်သည်။
“ဦးဇင်းကိုယ်တိုင် အလှူခံထွက်ပြီး ပြုပြင်သွားမှာပါ၊ အခုလောလောဆယ်တော့ အုတ်ဂူသင်္ချိုင်းကို အုတ်တံတိုင်း အရင်ခတ်မယ်လို့ လျာထားတယ်၊ အလှူရှင်တွေ ထပ်ရှိလာရင်တော့ အတွင်းပိုင်းခင်းမယ်၊ ဒါကလည်း ဖြစ်နိုင်ရင် ကြွေပြားတောင်ခင်းချင်တာ၊ သမိုင်းမပျောက်ပျက်အောင် နောင်လာနောင်သားတွေ သိရှိရအောင် ခိုင်ခံ့မှု တစ်ခုပေါ့” ဟု ကျောင်းထိုင်ဆရာတော်က မိန့်သည်။
မိုင်းပွန်မြို့တောင်ဘက်ရှိ စော်ဘွားများအဆက်ဆက်ဂူသင်္ချိုင်း မြေဖြစ်သည့် အာဇာနည်ခေါင်းဆောင် စဝ်စံထွန်း အရိုးဂူ နှင့်ဆွေတော်မျိုးတော် အုတ်ဂူများ ရှိသည့်နေရာကို နောင်လာနောင်သားများအတွက် သမိုင်းတွင်စေရန် ခိုင်ခံမှုရှိစေရန် ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ကြောင်း ဆရာတော်မှ မိန့်ဆိုသည်။
“အခုပြင်ဖို့ လျာထားတဲ့ အုတ်တံတိုင်းက နှစ်ဖက်ပဲ ရှိတော့တယ်၊ ကျန်တဲ့ နှစ်ဖက်ကတော့ အရင်နှစ်တွေ တုန်းက လုပ်ပြီးပြီပေါ့၊ ဒါက ဦးဇင်းရဲ့ လျာထားချက်ပါ၊ အလှူရှင်တွေရှိရင် ရှိသလို ကြမ်းခင်းတွေလည်း လုပ်သွားမယ်” ဟု ဆရာတော် က ဆက်လက်ပြောဆိုထားသည်။
မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းသည် ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်တွင် ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးသည့် စော်ဘွားတစ်ဦးဖြစ်သည့်အပြင် ၁၉၄၇ မတ်လ ၂၆ ရက် ကြားဖြတ် အစိုးရအဖွဲ့၌ အတိုင်ပင်ခံ တောင်တန်းဒေသရေးရာဝန်ကြီးအဖြစ် ရွေးချယ်ခံရပြီး အခြေခံဥပဒေရေးဆွဲရေး ကော်မတီဝင်လည်း ဖြစ်ခဲ့သည်။
၁၉၄၇ ခုနှစ် မြန်မာစံတော်ချိန် ၁၀နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့လယ်ရှိ အတွင်းဝန်များရုံး၊ ဝန်ကြီးများရုံး၌ အစည်းအဝေးပြုလုပ်နေချိန် စစ်ယူနီဖောင်းအပြည့်အစုံကိုဝတ်ဆင်သည့်လူတစ်စုက စစ်သေနတ်ဖြင့် ခန်းမထဲသို့ဝင်ရောက် ပစ်ခတ်ခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် စော်ဘွား စဝ်စံထွန်း အပါအဝင် အာဇာနည်ခေါင်းဆောင် (၉) ဦးကျဆုံးခဲ့ရသည်။