Saturday, May 4, 2024

လဲချားမြို့နယ် ပစ်ခတ်သံများကြားရ

Must read

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်အတွင်း ယနေ့ (ဇူလိုင် ၂၁) ရက် နေ့လည်ပိုင်းတွင် ပစ်ခတ်သံများ ကြားရပြီး ဒေသခံပြည်သူများက စိုးရိမ် ထိတ်လန့်နေကြောင်း သတင်းသိရသည်။

ယနေ့ (ဇူလိုင် ၂၁) ရက် နေ့လည် ၁၁ နာရီကျော်တွင် လဲချားမြို့ လွယ်ထီကျေးရွာအုပ်စု ဆလိုင်းခုံကျေးရွာ အနီးတွင် ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆလိုင်းခုံကျေးရွာဘက်မှာ ပစ်ခတ်သံတွေကြားရတယ်၊ ဘယ်အဖွဲ့နဲ့ အဖွဲ့ပစ်ကြတာတော့ မသိရပါဘူး၊ မြို့နဲ့ လည်း နည်းနည်းဝေးနေတော့ အသေးစိတ်ဖြစ်စဥ်မသိရသေးတာပါ၊ ပစ်ခတ်မှုက ၁၀ မိနစ် လောက်တော့ ကြာတယ်” ဟု လဲချားမြို့ အသက် ၃၅ နှစ် အရွယ်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လဲချားမြို့နယ်

တိုက်ပွဲဖြစ်ပွားရာ ဆလိုင်းခုံကျေးရွာသည် လဲချားမြို့နှင့် ၁၃ မိုင်ခန့်ကွာဝေးပြီး ယမန်နေ့ (၂၀) ရက်နေ့ မှစပြီး စစ်ရေးတင်းမာမှု သတင်းများ ထွက်ပေါ်လာသည့်အတွက် ဒေသခံပြည်သူများ တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်နေကြောင်းသိရသည်။

“မနေ့ကတည်းက စစ်ရေးတင်းမှုသတင်းတွေကြားခဲ့လို့ မြို့ထဲက ပြည်သူတွေ ဈေးဆိုင်တော်တော်များများကို အစောကြီး ပိတ်သိမ်းခဲ့ရတယ်၊ ဒီနေ့လည်း တိုက်ပွဲသံကြားပြီးကတည်းက ဆိုင်တော်တော်များများပိတ်ခဲ့ရတယ်၊ ကျနော်တို့ ပြည်သူကတော့ တိုက်ပွဲပြင်းထန်လာမှာကို ကြောက်ရတယ်၊ စိုးရိမ်ရတယ်ပေါ့” ဟု အထက်ပါ အမျိုးသားက ဆက်လက်ပြောဆိုထားသည်။

ယနေ့ ဖြစ်ပွားခဲ့သည့် ဆလိုင်းခုံကျေးရွာအနီးမှ တိုက်ပွဲသည် မည်သည့်လက်နက်ကိုင် တပ်ဖွဲ့များ ပါဝင်ကြသည် ကို သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပါ။

ယမန်နေ့ (ဇူလိုင် ၁၉) ရက်တွင်လည်း ပင်လုံမြို့ မြောက်ဘက်တွင် ပစ်ခတ်သံကြားရပြီး လယ်ယာစိုက်ခင်း အလုပ်ခွင်ထဲရောက်နေသည့် ဒေသခံများက နေအိမ်သို့ အမြန်ပြန်ပြေးခဲ့ရကြောင်းနှင့် လက်ရှိ အချိန်တွင် တချို့ဒေသခံများက မြို့ပေါ်သို့ ကြိုတင်စစ်ဘေးတိမ်းရှောင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ဇူလိုင် ၂၁ ရက် နောက်ဆုံးထားကာ သျှမ်းပြည်တောင်ပိုင်းရှိ SSPP/SSA တပ်စခန်းနေရာများ ဆုတ်ခွာရန် စစ်ကောင်စီဘက်မှ အမိန့်ပေးညွှန်ကြားထားသော်လည်း လက်ရှိအချိန်အထိ SSPP/SSA ဘက်မှ ဆုတ်ခွာမှု မရှိသေးသည့်အတွက် တပ်ဖွဲ့နှစ်ခုကြား စစ်ရေးတင်းမားမှုရှိနေခြင်းဖြစ်ကြောင်း သတင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article