သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆောင်နန်းခဲကျေးရွာ အရှေ့ဘက်တောင်ကြောတွင် စစ်ကောင်စီ နှင့် ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း၂ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၅) ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။
ယမန်နေ့ ဇူလိုင် (၁၃)ရက် တွင် စစ်ကောင်စီ တပ်ဆွဲထားသည့် ဆောင်နန်းခဲကျေးရွာ အရှေ့ဘက်ကို PDF တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ဘက်ကနေ ဝင်တိုက်ခိုက်ခဲ့တာပါ။ အဲ့နားမှာ သူတို့တပ်ဆွဲထားတဲ့နေရာလည်းဖြစ်တယ်။ အလစ်အငိုက်ဝင်တိုက်ခိုက်ခဲ့တာ။ ၁ နာရီဝန်းကျင်လောက်ထိတော့တိုက်ပွဲဖြစ်ခဲ့တယ်။ စကစ ဘက်တော့ ၅ ဦးသေဆုံးသွားတယ်။ ကျနော်တို့ဘက်တော့ ထိခိုက်တာမျိုးမရှိဘူး” ဟု ဖယ်ခုံမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်လာခဲ့သောကြောင့် PDF တပ်ဖွဲ့ဘက် မှ နောက်ဆုတ်လာခဲ့ရကြောင်း သိရသည်။
လက်ရှိမှာ ဆောင်နန်းခဲကျေးရွာတွင်းနေထိုင်သည့် ပြည်သူများ စစ်ဘေးရှောင်နေရသည်။
“ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ကူခဲ့လို့ ဆုတ်လာလိုက်တာပါ။ သူတို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ကြားကနေ အကုန်လုံးဘေးလွတ်ဆုတ်နိုင်ခဲ့ပါတယ်လို့ကြားတယ်။ ဆောင်နန်းခဲကျေးရွာက ပြည်သူတွေ မရှိဘူး။ သူတို့စစ်ဘေးရှောင်နေတာ။ သူတို့ပြန်လာလို့လည်း မရဘူး။ အဲ့နားပတ်ဝန်းကျင်မှာ စစ်ကောင်စီတွေ ရှိနေတယ်” ဟု ဖယ်ခုံမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင် (၉) ရက်က ဖယ်ခုံမြို့နယ် ရဲစခန်း နှင့် ထွေအုပ်ရုံးကို PDF တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။











Leave a Comments