သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့တွင် ရဲကင်းစောင့် စစ်ကောင်စီတပ်သားများမှ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။
ယနေ့ ဇူလိုင်လ ၈ ရက်နေ့ အာရုဏ်တက်ချိန် ၃ နာရီဝန်းကျင်တွင် ရပ်စောက်မြို့ အတွင်း သေနတ်သံ ၅ ချက် ဆက်တိုက် ထွက်လာကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သေနတ်သံ ငါးချက် ဆက်တိုက်ထွက်လာတယ်၊ လူခြေတိတ်ချိန် ထွက်လာတာဆိုတော့ အသံက အရှင်းကြီး ကြားရတယ်၊ ဘာကြောင့်ပစ်မှန်းတော့မသိရပါဘူး၊ ခြောက်ပစ်တယ်လို့ပဲ ထင်တယ်” ဟု ရပ်စောက်မြို့မှ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ရပ်စောက်မြို့အတွင်းတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ နေရာအနှံ့အပြား ရှိနေသည့် အပြင် ဝင်ထွက်သွားလာမှုများကို တင်းကြပ်စွာ စစ်ဆေးလေ့ရှိကြောင်း ဒေသခံများ က ပြောသည်။
ထို့အပြင် မြို့နှင့် မိုင် ၃၀ ကျော် ကွာဝေးသည့် ရပ်စောက်မြို့နယ် အင်တောကျေးရွာဘက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့လည်း သွားလာလှုပ်ရှား နေကြောင်း သတင်းသိရသည်။