Friday, April 26, 2024

နိုင်ငံရေးအကြပ်အတည်း ကျော်လွှားနိုင်ဖို့ PPST နဲ့ အာဆီယံ ကိုယ်စားလှယ် တွေ့ဆုံ

Must read

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (NCA-S EAO) တို့ ဇူလိုင် ၁ ရက်က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အဲ့ဒီ တွေ့ဆုံဆွေးနွေးပွဲမှာ အာဆီယံ အထူးကိုယ်စားလှယ် H.E Park Sokhonn တက်ရောက်ခဲ့ပြီး NCA-S -EAO မှ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ မွန်ပြည်သစ်ပါတီ (NMSP) တို့ရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

အဲ့ဒီ တွေ့ဆုံဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ နဲ့ အာဆီယံ အထူးကိုယ်စားလှယ် နဲ့ ဘာတွေတွေ့ဆုံ ဆွေးနွေးခဲ့သလဲဆိုတာ PPST အဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွှန့် ကို သျှမ်းသံတော်ဆင့်မှ နန်းဒေဝီ က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – အာဆီယံ အထူးကိုယ်စားလှယ် နဲ့ NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်တွေ တွေ့ခဲ့တယ်လို့ သိရပါတယ်။ ဘာတွေ ဆွေးနွေးဖြစ်ခဲ့ပါသလဲ။

ဖြေ – တွေ့ဆုံမှုကတော့ လက်ရှိ မြန်မာနိုင်ငံရေး အကြပ်အတည်း ကျော်လွှားနိုင်ဖို့အတွက် အစပြုတဲ့ ခြေလှမ်းကောင်းတစ်ခုလို့ ယူဆပါတယ်။

ပထမဆုံးအချိန် တွေ့ဆုံတဲ့ပွဲမှာကတော့ သူလည်း မြန်မာနိုင်ငံကို လာရတဲ့ ခရီးစဥ် ရည်ရွယ်ချက် (၃)ချက်ရှိတယ်။

အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ သူ့အနေနဲ့ ကြိုးပမ်းမယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ လမ်းစပေါ်ပြန်လည် ရောက်ရှိနိုင်ဖို့ သူ့အနေနဲ့ ကြိုးပမ်းမယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ ရင်ဆိုင်ရတဲ့ ပဋိပက္ခပေါ်မှာ ပဋိပက္ခဒဏ်ကို တကယ်ခံစားနေရတဲ့ ပြည်သူလူထုတွေတွက် လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်အောင် သူ့အနေနဲ့ ဆက်လက်ကြိုးပမ်းမယ် ဆိုတဲ့ (၃) ချက်ကို အဓိက ထားပြီးတော့ ပြောသွားပါတယ်။

အာဆီယံ ကိုယ်စားလှယ် အနေနဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို ကျော်လွှားနိုင်ဖို့က တွေ့သင့် တွေ့ထိုက်တွေနဲ့ တွေ့ဆုံနိုင်ရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ဖို့လိုပါတယ်။

နောက်ပြီးတော့ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေး ကိစ္စတွေမှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ ဘယ်လို ပူးပေါင်းလက်တွဲ ဆောင်ရွက်လို့ ရမလဲဆိုတာ ဆက်လက် ကြိုးပမ်းဆောင်ရွက်ပေးဖို့ပါ။

နောက်ပြီးတော့ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်ပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ပြန်လည်စတင် ကျင်းပနိုင်ဖို့အတွက် အာဆီယံ အနေနဲ့ ကြိုးပမ်းဆောင်ရွက်ပေးဖို့ အဲ့လိုမျိုး ပြန်လည် တိုက်တွန်းပြောဆိုပါတယ်။

အာဆီယံ ကိုယ်စားလှယ် နဲ့ တိုင်းရင်းသားလက်နက်ကိုင်များ တွေ့ဆုံ

မေး – အာဆီယံကိုယ်စားလှယ်ဘက်ကကော ဘာတွေ တုံ့ပြန်ပြောဆိုခဲ့ပါသလဲရှင့်။

ဖြေ – ဒီတွေ့ဆုံမှုကတော့ သိတဲ့အတိုင်းပါပဲ။ တစ်ဖွဲ့ချင်းဆီကို ဖိတ်တယ်။ သို့သော်လည်းပဲ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့ကတော့ စုပေါင်းပြီး တက်နိုင်တဲ့အခင်းအကျင်းရှိတယ်။ တွေ့ဆုံတဲ့ အချိန်အတိုင်းအတာအရသော်လည်းကောင်း တွေ့ဆုံတဲ့အခင်းအကျင်းအရ သော်လည်းကောင်း issue (အကြောင်းအရာ) တစ်ခုကို အပြန်အလည် ညှိနှိုင်းဆွေးနွေးပြီးတော့ အကျေအလည် ပြောဆိုနိုင်တဲ့ အဆင့်ရောက်ဖို့ အချိန်အကန့်အသတ်အရကတော့ အဲ့လောက်ထိ မလုပ်နိုင်ဘူး။

အဓိက ကတော့ သူ့ဘက်က ဘာတွေလုပ်မလဲဆို ပြောသွားတာရှိသလို ကျနော်တို့ဘက်ကလည်း ရှိစေချင်တဲ့အချက်တွေကို ဒါအပြန်အလှန် တင်ပြပြောဆိုတဲ့အခင်းအကျင်းက ပိုပြီးတော့ လွှမ်းမိုးမှုရှိတယ်လို့ ပြောလို့ရပါတယ်။

မေး – သူ နဲ့ ဆွေးနွေးမှုမှာ မြန်မာ့နိုင်ငံရေးအတွက် ဘယ်လို မျှော်လင့်ချက်တွေကြောင့် နေပြည်တော်မှာ သွားရောက်တွေ့နိုင်ခဲ့တာလဲ။

ဖြေ – ကျနော်တို့ (PPST) အနေနဲ့ ပြီးခဲ့တဲ့ ဧပြီလဆန်းကတည်းက ထုတ်ပြန်ချက်အတိုင်းပါပဲ။ လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် ပါဝင်သင့်သူများ အားလုံး ပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဘယ်အစုအဖွဲ့ ဘယ်နိုင်ငံရေး အင်အားစုတွေနဲ့ မတူ ကျနော်တို့ကတော့ တွေ့ဆုံဆွေးနွေးမှု အဆင်သင့်ပဲ ဆိုတာကို အဲ့ဒီ ထုတ်ပြန်ချက်အတိုင်းပဲ လုပ်ဆောင်တာဖြစ်ပါတယ်။

မေး – ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီး အာဆီယံ အထူးကိုယ်စားလှယ်က ဘာတွေပြောခဲ့လဲ။ အကြံပေးခဲ့လဲ။

ဖြေ – အဓိက ကတော့ လက်ရှိ ကျနော်တို့ နိုင်ငံက ပုံမှန် အနေအထား တစ်ခုမဟုတ်ဘူး။ ပဋိပက္ခတွေရှိနေတယ် ပုံမှန်အနေအထားမဟုတ်ဘူး။ နိုင်ငံရေး အကြပ်အတည်းကလည်း အင်မတန် မှ ကြီးမားကျယ်ပြန့်တော့ ပြည်သူလူထုတွေရဲ့ ထိခိုက်နစ်နာမှုက အများကြီးရှိတယ်။ ငြိမ်းချမ်းရေးလို့ ပြောနေတာက နိုင်ငံတကာအနေနဲ့ သူ့အနေနဲ့ ပါဝင်ပူးပေါင်းလိုတဲ့ ဆန္ဒရှိတယ်။

နောက်ပြီးတော့ ကျနော်တို့ထဲကလည်းပဲ လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို ကျော်လွှားနိုင်ဖို့ ကျနော်တို့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ ဆိုတာကလည်း နိုင်ငံတကာ ကူညီပံ့ပိုးမှုလိုတယ်။

နိုင်ငံတကာရဲ့ ပူးပေါင်းကူညီမှုက လက်ရှိကျနော်တို့ နိုင်ငံမှာရှိနေတဲ့ ပကတိ နိုင်ငံရေး အခင်းအကျင်းနဲ့ လည်း လိုက်လျောညီထွေမှုရှိဖို့ကိုလည်း ကျနော်တို့ ထည့်သွင်းစဥ်းစားဖို့ လိုအပ်တယ်။

ကျနော်တို့ ပြောနေတဲ့ ငြိမ်းချမ်းရေးဆိုတာကလည်း ဒီတစ်တိုင်းပြည်လုံးကို လွှမ်းခြုံတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကို ပြောတာဖြစ်တယ်။ ဒီလိုမျိုး တစ်ကြိမ်တစ်ခါတည်းနဲ့ တွေ့ဆုံတဲ့ အခင်းအကျင်းအရ ဆိုရင်တော့ ပြည်ထောင်စု တစ်ခုလုံးကို လွှမ်းခြုံတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး အတွက်သာ လုံလောက်တဲ့ ရလဒ်ကောင်းတွေကတော့ ဒါကတော့ တစ်ချိန်တည်း ကျနော်တို့ မလုပ်နိုင်ပါဘူး။

ကျနော်တို့ ပထမဆုံး တစ်ကြိမ် အချိန်တိုတိုလေး တွေ့ဆုံခွင့်ရတဲ့အချိန်မှာတော့ ခဏက ပြောသလိုမျိုး ပြည်ထောင်စု ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် ပဲပြောပြော ဒီမိုကရေစီ နဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးအတွက်ကိုပဲ ပြောပြော အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ အခင်းအကျင်းဖြစ်မြောက်ဖို့ သင့်တင့်လှပတဲ့ အစပျိုးမှု တစ်ခု အနေနဲ့ ကျနော်တို့ အနေနဲ့က အဲ့လိုပဲ ရှိနေမယ်။

မေး – နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲရှင့်။

ဖြေ – ကျနော်တို့ နိုင်ငံမှာ ဘယ်ခေတ်ဘယ်ချိန်ခါမှ မကြုံခဲ့ဖူးတဲ့ နိုင်ငံရေးအကြပ်အတည်း တစ်ခုကို ဖြတ်ကျော်နေရတယ်။ ဒီနိုင်ငံရေး အကြပ်အတည်းကလည်းပဲ အင်မတန် ကျယ်ပြန့်ပြီးတော့ အသွင်သဏ္ဍန်အရရော အခင်းအကျင်းအရရော အရင်တုန်းက မရှိခဲ့ဖူးတဲ့ အခင်းအကျင်းတွေ ပေါ်ပေါက်လာတယ်။ အလားအလာ ကြည့်မယ်ဆိုရင်လည်းပဲ အကြပ်အတည်း ပျောက်နိုင်ဖို့အတွက်က ကျနော်တို့ တစ်ဖက်နဲ့ တစ်ဖက် လျော့ကျတဲ့ အဆင့်ကိုတော့ မရောက်သေးဘူး။

သို့သော်လည်းပဲ ဒီအချိန်မှာ ပုံမှန်မဟုတ်တဲ့အနေအထား ပေါ်မှာ ကျနော်တို့ ကြားမှာက တစ်ဖက်နဲ့ တစ်ဖက် အမြင်မတူတာတွေ သဘောထားမတူတာတို့ အစုအဖွဲ့ကြားမှာသော်လည်းကောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြားမှာသော်လည်းကောင်း ရှိကောင်းရှိနိုင်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းပဲ ဖြစ်ဖြစ် နိုင်ငံရေး အင်အားစုတွေ အားလုံး စစ်ကောင်စီက အစ ကျနော်တို့မှာ ဒီရဲ့ သဘောထားတွေလည်းရှိပါတယ်။

ကျနော်တို့ နိုင်ငံကို ပြည်တွင်းစစ်တွေ ချုပ်ငြိမ်းပြီးတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး လိုလားတဲ့ လိုအပ်တယ်ဆိုတာလည်း ကျနော်တို့ သဘောတူညီကြတယ်။

လက်ရှိအခင်းအကျင်း အရကတော့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် လိုအပ်နေတဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးခြင်းနည်းနဲ့ ဖြေရှင်းမယ့် နိုင်ငံရေး ယဥ်ကျေးမှု အသစ်က ကွက်ပျောက်နေတယ် ဆိုလိုချင်တာကတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ ကျနော်တို့ မလုပ်နိုင်ခဲ့ဘူး။

အာဆီယံနဲ့ ဘက်ပေါင်းစုံ တွေ့ဆုံတဲ့အခင်းအကျင်း အရ ဒီတွေ့ဆုံဆွေးနွေးပွဲသည် ပြန်ဖြစ်လာတဲ့ အဆင့် မတက်လှမ်း နိုင်သေးပေမယ့် ဒီလိုမျိုး တက်လှမ်းလာနိုင်အောင် ကျနော်တို့အနေနဲ့ မရှိမဲ့ ရှိမဲ့ကြားက မျှော်လင့်ချက်လေး တစ်ခုပါ။

အဲ့ဒါကို ကျနော်တို့ ခြေကုတ်ယူပြီးတော့ ရှေ့ဆက် ကျနော်တို့ လိုလားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာဖို့ လိုလားပါတယ်။
နိုင်ငံရေး အကြပ်အတည်းကာလ နိုင်ငံရေး အင်အားစုတွေ အားလုံး ပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ တစ်ခုပေါ်ပေါက်လာအောင် အစပျိုးမှုတစ်ခုအနေနဲ့ အားပြုပြီးတော့ ကျနော်တို့ အနေနဲ့ ကြိုးပမ်းလုပ်ဆောင်သွားဖို့ PPST အနေနဲ့ ဆန္ဒရှိတယ်ဆိုတာကိုတော့ ပြောချင်ပါတယ်။

အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူတင်ပါတယ်ရှင့်။

Leave a Comments

- Advertisement -spot_img

Latest article