Friday, April 26, 2024

လဲချားမြို့ မူလတန်းကျောင်းသားများကို ကျုရှင်အတင်းအဓမ္မ တက်ခိုင်းနေ

Must read

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့ ဟိုနောင်လုံ ရပ်ကွက်တွင်ရှိသော မူလတန်းကျောင်းတက် ကလေးငယ်များကို ပညာရေး ဝန်ထမ်း ဆရာမများက ကျုရှင်အတင်းအဓ္ဓမ တက်နေရကြောင်း စုံစမ်းသိရှိရသည်။

လဲချားမြို့ ဟိုနောင်လုံ ရပ်ကွက် မူလတန်းကျောင်းမှ (KG) တန်းမှစကာ (၅) တန်းထိ ကျောင်းသူ၊ကျောင်းသားများ ကျောင်းဆင်းချိန်ပြီးပါက အချိန်ပို ဟု ခေါ်ယူပြီး ကျူရှင် အတင်းအဓမ္မ တက်ခိုင်းနေကြောင်း ကျောင်းသား မိဘများ ပြောဆိုကြသည်။

“အတန်းတိုင်းဘဲ ကျူရှင်က ကျောင်းခန်းထဲက တက်ရတာ။ကျူရှင်က မတက်ရင်မရဘူးလို့ တက်ရတယ်။ တစ်လကို ကျူရှင်ခ (၅၀၀၀) ကျပ် ပေးရတယ်“ ဟု လဲချား ကျောင်းသားမိဘ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လဲချားမြို့

ယခုအချိန်တွင် စားဝတ်နေရေးအတွက် ခက်ခဲနေသည့် ကာလဖြစ်သဖြင့် ကျောင်းကလေးငယ်များကို ကျူရှင်ခေါ်ယူပြီး အတင်းအဓမ္မ တက်ခိုင်းခြင်းသည် မကောင်းကြောင်း၊ ဆရာမများက လုပ်စားနေကြောင်း စတုတ္ထတန်း ကျောင်းသူတစ်ဦး၏ မိခင် ကပြောသည်။

“အခုကာလက စားဝတ်နေရေး အတွက်ခက်ခဲနေတယ်လေ၊ အလုပ်ကလည်း ရှာတစ်လောက် မရှိတော့ဘူး။ ကျူရှင်လခကို တစ်လ (၅၀၀၀) ထောင် ဆိုလည်း အခုကာလနဲ့က များတယ်လေ၊ မတက်ချင်လည်း တက်ရမယ်ဆိုတော့ သူတို့လုပ်စားနေတာဘဲ“ ဟု အထက်ပါပုဂ္ဂိုလ် က ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့တွင်လည်း စစ်ကောင်စီဖွင့်လှစ်သော ကျောင်းနှင့် ဟိုပုံးမြို့ အထက (၁) ကျောင်းမှာ ကျူရှင်ခေါ်ယူခြင်းများရှိပြီး ကျောင်းသား/သူ တစ်ဦးကို မြန်မာကျပ်ငွေ ၂ သောင်းဖြင့် ကျူရှင်များကို ကျောင်းဝန်းအတွင်း သင်ကြားပေးကြောင်း သိရသည်။

စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ထမ်း ကျောင်းဆရာ/ ဆရာမများသည် ယခုကဲ့သို့ ကျူရှင်သင်ကြားပေးပြီး ငွေတောင်းနေခြင်းသည် စေတနာအရင်းဖြင့် စာသင်ပေးနေသည် မဟုတ်ကြောင်း ကျောင်းသားမိဘများ တစ်ချို့ က သုံးသပ်ပြောဆိုသည်။

အဆိုပါ ကျောင်းတွင် အချိန်ပိုယူပြီး ငွေတောင်းခြင်းသည် စစ်အစိုးရ ဗိုလ်ချုပ်ကြီး သန်းရွှေလက်ထက်က စတင် ရှိခဲ့ဖူးကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article