သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့ ည (၈) နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ သေနတ်ပစ်ဖောက်သည့်သံများ ကြားရသဖြင့် ပြည်သူများ စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။
လွန်ခဲ့သည့် မေ (၃၁) ရက် နှင့် ဇွန် (၁) ရက် ည (၈) နာရီဝန်းကျင်တွင် ရပ်စောက်မြို့ အခြေစိုက် တပ်မ ၅၀၉ က ညအချိန်မှာ စစ်ရေးလေ့ကျင့်ပြီး သေနတ်များ ပစ်ဖောက်နေကြောင်း သိရသည်။

“ဒီစစ်ကောင်စီတပ် ၅၀၉ က ညအချိန်ဆို သေနတ်တွေ ပစ်နေတာ။ သူတို့ ပစ်တာ ၂ ည ရှိနေပြီ။ တစ်ခါပစ်ရင် ၁၅ မိနစ် လောက်ကြာတယ်။ ပစ်တဲ့ချိန်ကလည်း လူတွေ အိပ်နေချိန်။ တစ်ခါတစ်ခါဆို တိုက်ပွဲဖြစ်တာလားလို့ ထင်ရတယ်” ဟု ရပ်စောက်မြို့ ဒေသခံ အမျိုးသားက ပြောသည်။
ထိုစစ်ကောင်စီက စစ်ရေးလေ့ကျင့်မှုကြောင့် ပြည်သူများ တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေကြပြီး သတိနှင့် နေထိုင်နေရကြောင်း သိရသည်။
“ စစ်ရေးတွေ လေ့ကျင့်နေပြီဆိုတော့ ကျနော်တို့လည်း တိုက်ပွဲဖြစ်မှာကို စိုးရိမ်တာပေါ့။ သတိထားပြီးတော့ အမြဲနေနေရတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။
ရပ်စောက်မြို့နယ်အတွင်း စစ်ရေးလေ့ကျင့်ရေးကျောင်း ရှိထားပြီး လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်များလည်း သွားလာလှုပ်ရှားနေလျက်ရှိကြောင်းသိရသည်။












Leave a Comments