Friday, April 26, 2024

ထိတွေ့တိုက်ပွဲမရှိတဲ့ ဖယ်ခုံမြို့နယ် စစ်ကောင်စီတို့မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်နေ

Must read

သျှမ်းပြည်တောင်ပိုင်းရှိ ကရင်နီပြည် နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ဖယ်ခုံမြို့နယ် အတွင်းတွင် စစ်ကောင်စီတို့ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းသိရသည်။

လက်နက်ကြီး

ယမန်နေ့ (မေလ ၂၉ )ရက် မနက်ပိုင်းတွင် ဖယ်ခုံမြို့နယ် လွယ်ပန်းစုံကျေးရွာသို့ လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Pekhon PDF တပ်ရင်း ၂ မှ ပြန်ကြားရေးတာဝန်ခံတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ထိတွေ့တိုက်ပွဲမရှိပါဘူး၊ စစ်ကောင်စီတွေက လွယ်ကူးတောင်ပေါ်မှာနေရာယူပြီး လွယ်ပန်းစုံကျေးရွာနဲ့ လွယ်ပေါဘက်ကို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်နေတာပါ၊ ၁၀ လုံးကျော်တယ်၊ လူထိခိုက်မှုတော့ မရှိဘူး” ဟု Pekhon PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လွယ်ပန်းစုံကျေးရွာသည် အိမ်ခြေ ၆၀ ကျော်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတို့၏ ထိုးစစ်ဆင်မှုများကြောင့် တခြားဒေသမှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ပြည်သူများလည်း ရှိနေကြောင်းလည်း သိရသည်။

လက်နက်ကြီး

“အရင်က လွယ်ပန်းစုံကျေးရွာကို စစ်ရှောင်လာတဲ့ ပြည်သူတွေလည်း ရွာထဲကို လက်နက်ကြီးကျလို့ ရွာခံရော စစ်ရှောင်ရော ထပ်ပြေးကြရတယ်၊ အခုဆိုရွာထဲမှာ အိမ်စောင့်တွေလောက်ပဲရှိတော့တယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောဆိုထားသည်။

အဆိုပါလွယ်ပန်းစုံကို ပြီးခဲ့သည့် မေလ ၁၇ ရက်၊ ညပိုင်းမှာလည်း စစ်ကောင်စီတပ် စကခ-၇ မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် လွယ်ပန်းစုံကျေးရွာသည် ရေလမ်းတစ်ခုတည်းသာရှိသည့်အတွက် သွားလာရန်ခက်ခဲသည့် အင်းအလယ်ကျွန်းပေါ်မှ ကျေးရွာတစ်ရွာဖြစ်နေကြောင်းလည်း သိရသည်

Leave a Comments

- Advertisement -spot_img

Latest article