“မမေ့နိုင်”
သားတစ်ယောက်ဘဝ တိုးတက်ရေးအတွက် မိဘက အလုပ်တွေ ဘယ်လောက်ဘဲ ခက်ခဲလုပ်ရပါစေ မောတယ်ပန်းတယ်ကိုမရှိပါဘူးသားရယ်။

ဒီလို နိုင်ငံရေး ရှုပ်ထွေးနေချိန် ခရီးမထွက်ဖို့ အဖေ နဲ့ အမေ က သားကို သတိပေးတားခဲ့ပါသေးတယ်။
အဲ့နေ့က ည (၈) နာရီခွဲ အချိန် မထင်မှတ်ဘဲ ဖုန်းဝင်လာလို့ လက်ခံနားထောင်လိုက်ချိန် တဖက်လူက – “စိတ်ငြိမ်ထား နားထောင်ပါ ။ စိုင်းစံလှ တယောက် မလွန်ဆန်နိုင်တဲ့လောကတရား ဆုံးပါးသွားပါပြီ။ ကွတ်ခိုင်နဲ့ မူဆယ်ကြား ညနေ ၅ နာရီအချိန်လောက်ကပါ”- ဆိုတော့ …… ဖခင် ပီပီ နာကျင်စွာခံစား နှလုံးသားတခုလုံး ကွဲကြေမတတ်ပါဘဲ သားရယ်။
တောတောင်ခင်တန်း ချိုင့်ဝှမ်းလျှိုမြှောင် လောကကြီးအပြင်ဘက်အထိတောင် ကြားရသလားအောက်မေ့ရတာ မင်းအမေရော ငါပါ နာကျင်စွာငိုကြွေးခဲ့ရပါတယ်။
မှတ်မှတ်ရရ အဲ့ဒီညက ငါတို့ ယာမှာသွားအိပ်ကြတာလေ။
ချစ်ရတဲ့ ငါ့သားရေ-
သူတပါးကောင်းကျိုး သယ်ပိုးတတ်တဲ့ ပရဟိတ စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တွေ ရှင်သန်ထက်မြက်လာအောင် သားငယ်ငယ်ကတည်းက အဖေ အမေတို့ ပျိုးထောင်လာပေးခဲ့တဲ့အတိုင်း ငါ့သား ဖြစ်လာခဲ့ပါတယ်။
ခုတော့လေ –
နိုင်ငံရေး အရှုပ်အထွေးတွေကြောင့် စစ်ရေးတင်းမာ ဘယ်သွားသွား ဘယ်လာလာ ဘာကိုမှ လုံခြုံစိတ်ချရတယ်ရယ် မရှိဘူးလေ။ လက်နက်ကိုင်ပြီး အာဏာလု ရိုင်းစိုင်းယုတ်မာမှုတွေပြိုင်နေကြတဲ့ခေတ်မှာ ငါ့သားလည်း စစ်ဘေးစစ်ဒဏ်ကြား မြေစာပင်ဖြစ်လို့ အသက်စတေး ဘဝပေးခဲ့ရပြီလေ။
မိသားစုထဲက တဉီးတည်းသောသား .. ခုတော့ မိဘနဲ့ မင်းညီမ တွေ ယုံကြည်အားထားရမယ့်သူ မဲ့ပေါ့။
သားရေ – ဒို့မိသားစု အတိတ်ရဲ့အရိပ်ကိုပြန်မျှော်ကြည့်တော့ မျက်ရည်မခိုင် ဘယ်လိုမှ မမေ့နိုင်ပါဘူးသားရယ်။
စိုင်းစံလှ ရဲ့ မိနဲ့ဘ