တရားဥပဒေ အထက်က စစ်ကောင်စီ 

“ကျမအမျိုးသားက မသေသင့်ပဲ သေရတယ်။ လူ့အသက်ကို တန်ဖိုးမထားဘူး။ ဖြစ်လာရင်တောင် တာဝန်ယူမှု မရှိဘူး။ အသက်ငယ်ငယ်နဲ့ မုဆိုးမဖြစ်ရတယ်” လို့ ငိုသံ တွေနဲ့ နန်းဟွမ်က ပြောပါတယ်။

မိုင်းရှုးက စကစ ရဲ့ ကားနဲ့ တိုက်ပြီး သေဆုံးသွားတဲ့ စိုင်းမောင်ညို နာရေး

ဖေဖော်ဝါရီလတုန်းက သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့မှာ စစ်ကောင်စီတပ်သား တစ်ဉီး က အရက်မူးပြီး စိုင်းမောင်ညို  ဆိုသူကို ကားနဲ့ တိုက်မိပြီးတော့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

လက်ရှိမှာတော့စိုင်းမောင်ညို ရဲ့ အမျိုးသမီး တစ်ယောက်တည်း (၃) နှစ်အရွယ် သမီးလေးကို ပင်ပန်းခက်ခဲစွာ   ရုန်းကန်ရှာဖွေ ကျွေးမွေးနေရတယ်လို့  သူမက ဆိုပါတယ်။

စစ်တပ်ဘက်က သေဆုံးသွားတဲ့ ကလေးအဖေအတွက် လျော်ကြေးငွေ ပေးမယ်ဆိုပြီး လက်ရှိချိန်ထိ လျော်ကြေးတွေ လာရောက်ပေးဆောင်ခြင်း မရှိကြောင်း စိုင်းမောင်ညိုရဲ့ အမျိုးသမီးဖြစ်သူ နန်းဟွမ်က  ရှိုက်သံနဲ့ပြောပါတယ်။

“စစ်တပ်ဘက်က ဘာလျော်ကြေးမှလာပေးတာလဲမရှိဘူး။ လုံးဝ လာမကြည့်ဘူး အမရယ်။ သူတို့က အဆင်ပြေအောင် လုပ်ပေးမယ်လို့ပြောတယ်။ကျွေးမွေးဖို့ အုတ်ဂူတွေ ကိုယ်စားဆွမ်းတွေ ဘယ်လောက်ကျလဲဆိုတာ အကုန် စာရင်းလုပ်ထား ဆိုပြီး ရပ်မိရပ်ဖ ရှေ့တွေမှာ ၊ လူအများရှေ့မှာ ပြောသွားတယ်။ သူတို့လာပြောတဲ့ချိန် ကျမ အမျိုးသားအလောင်းတောင် မသဂြိုလ်ရသေးဘူး” လို့  နန်းဟွမ်က ညှိုးငယ်စွာနဲ့ ပြောပါတယ်။ 

စိုင်းမောင်ညို ရဲ့ နာရေး

ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၉) ရက် က မိုင်းရှုးမြို့နယ် ပန်စွဲကျေးရွာ က အပြန် စိုင်းမောင်ညို ကားပေါ်တက်မယ့် အချိန်မှာ အရက်မူးပြီး ကားမောင်းလာတဲ့ စစ်ကောင်စီတပ်သားတစ်ဦးရဲ့ အရှိန်ပြင်းထန်စွာ မောင်းလာတဲ့ ထရပ်ကား ဝင်တိုက်ခဲ့ပါတယ်။ 

အဲ့ဒီ ဝင်တိုက်မှုကြောင့်  စိုင်းမောင်ညိုရဲ့ ခန္ဓာကိုယ်မှာ (၁၅) မီတာ အထိလွင့်ထွက်သွားပြီး ပွဲချင်းပြီး သေဆုံး သွားတာပါ။

စစ်တပ်ကားက လမ်းဘေးရှိ လူကို တိုက်မိပေမယ့် ရပ်ကြည့်တာ မရှိဘဲ ကားကိုအရှိန် နဲ့ ဆက်မောင်းပြီး တပ်ထဲ ဝင်သွားလိုက်တယ်လို့ ဒေသခံ တစ်ချို့က ပြောဆိုကြပါတယ်။ 

စိုင်းမောင်ညို ရှိစဉ်အချိန်က မိသားစု စားဝတ်နေရေး အတွက်  လိုလေသေးမရှိ ရှာဖွေခဲ့သူတစ်ဦး ဖြစ်ပြီး  အိမ်ထောင်ဦးစီးတစ်ယောက်မရှိတဲ့နောက်ပိုင်း အမျိုးသမီးဖြစ်သူ နန်းဟွမ်က သမီးလေး မျက်နှာမငယ်အောင်  စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်ရှာဖွေနေရပါတယ်။

“ခုတော့ ဘာမှမလာပြောတော့ဘူး။ ဘာမှ တာဝန်ယူမှု တာဝန်ခံမှုမရှိဘူး။ သူ ရှိစဉ်ခါကဆိုရင် တစ်အိမ်လုံးဆို သူပဲ တာဝန်ယူတယ်။ သူမရှိတဲ့နောက်ပိုင်း ဘာမဆို ကိုယ့်ပေါ်ကျလာတာ။ မိဘလဲရှိတဲ့အတွက်ကြောင့် ကိုယ်ပဲ ရုန်းကန်နေရတယ်။ အစစအရာရာ အားလုံးပဲ။ မငြီးညူရဲဘူး။ သမီးက (၃) နှစ်ပဲရှိသေးတယ်။ ကလေးမျက်နှာငယ်မှာ ကြောက်ရတယ်။ သူများလိုအဖေမရှိဘူး ဆိုတော့ သူရချင်တာ ကြိုးစားပြီးဝယ်ပေးတယ်။ မျက်နှာမငယ်အောင်။ ပင်ပန်းပေမယ့်” လို့ နန်းဟွမ် က စိတ်အားငယ်စွာ ပြောပါတယ်။

စိုင်းမောင်ညို ရှိချိန်က သူမဟာ ၃ နှစ်အရွယ် သမီးလေးကိုသာ ထိန်းကျောင်းနေခဲ့ရပြီး၊ အိမ်ထောင်စုရဲ့ ဝင်ငွေကို မရှာဖွေခဲ့ရပါဘူး။

လက်ရှိအနေအထားမှာတော့ ရရာအလုပ် နဲ့ မိသားစုဝင်ငွေလေးရဖို့၊ သမီးလေးကျောင်းနေ နိုင်ဖို့ နည်းမျိုးစုံ ရုန်းကန်ရှာဖွေခဲ့ရတယ်။

“ကျမ ခုမှ အွန်လိုင်းစီးပွားရေးလုပ်တာ။ စျေးရောင်းတယ်။ မလုပ်ဖူးတဲ့အလုပ်တွေလဲ လုပ်တယ်။ အရင်က မလုပ်ဖူးဘူး။ အာဏာက သူတို့လက်ထဲရှိတယ်ဆိုတော့ သူတို့ လုပ်ချင်တာ လုပ်လို့ရတယ်။ ကျမအမျိုးသားက မသေသင့်ပဲ သေရတယ်။ လူ့အသက်ကို တန်ဖိုးမထားဘူး။ ဖြစ်လာရင်တောင်တာဝန်ယူမှု မရှိဘူး။ အသက်ငယ်ငယ်နဲ့ မုဆိုးမ ဖြစ်ရတယ်။ ကလေးကလဲ ငယ်ငယ်လေးပဲ ရှိသေးတယ်” လို့ သူမက ငိုပြီး ပြောပါတယ်။

စိုင်းမောင်ညို၏ နာရေး၊ အုတ်ဂူ နဲ့ အလှူအတွက် ငွေကျပ်သိန်း (၁၅၀) ခန့် ကုန်ကျခဲ့ပေမယ့် စစ်ကောင်စီဘက်က ကုန်ကျငွေ စာရင်းကို ပြုစုခိုင်းထားပြီး ပြုစုထားတဲ့ စာရင်းတွေကို စစ်ကောင်စီဘက်က စာရင်းလာရိုက်သွားပေမယ့် လက်ရှိချိန်ထိ အကြောင်းကြားလာခြင်း မရှိကြောင်း နန်းဟွမ် ကပြောပါတယ်။

 စိုင်းမောင်ညိုလို အဖြစ်မျိုးလဲ ရှမ်းပြည်မြို့တော် တောင်ကြီးမြို့လယ်ခေါင်မှာ မနှစ်က မတ်လ (၁၇) ရက် မနက်ပိုင်းမှာ အသက် (၉၇) နှစ်အရွယ်ရှိတဲ့ အမျိုးသားတစ်ဦး လမ်းဘေးရှိနေစဉ် အာဏာသိမ်းစစ်တပ်က ဘူဒိုဇာကား နဲ့ ဝင်တိုက်လို့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ 

စကစ ရဲ့ ဘူဒိုဇာ နဲ့ တိုက်ခဲရတဲ့ အသက် ၉၀ကျော် အမျိုးသားနာရေး

မျက်မြင်တွေ့ရှိသူ  အသက် (၂၀) ဝန်းကျင် အမျိုးသမီး တစ်ဦးက“သူ့သွေးတွေလဲ လမ်းမပေါ်မှာ အများကြီးပဲ။ မနက်ပိုင်း (၈) နာရီ လောက်ဖြစ်မယ်ထင်တယ်။ စစ်တပ်က ဝင်တိုက်သွားတာ။ သူတို့မောင်းလာတဲ့ကော်ကား မှာ ဆိုင်ကယ် တစ်စီးလဲ တွေ့ခဲ့တယ်။ အလောင်းသဂြိုလ်မယ့်နေ့မှာ စစ်တပ်က အလောင်းကို စစ်ဆေးဖို့ လိုတယ်လို့ပြောတယ်။ အဲ့ဒါနဲ့ အလောင်းကို ယူသွားခဲ့တယ်။ နေ့လည် ၁ နာရီလောက်မှ အလောင်းကို ပြန်လာပို့တာတွေ့ရတယ်”လို့ ပြောပါတယ်။ 

သေဆုံးသွားသူရဲ့ မိသားစုတွေအပေါ်မှာ စစ်ကောင်စီဘက်က တာဝန်ယူမှု တာဝန်ခံမှု မရှိခဲ့ဘူးလို့ သိရပါတယ်။ 

စစ်တပ်ဘက်က ပြည်သူလူထုအပေါ် လူ့အခွင်ႉအရေး ချိုးဖောက်မှုများစွာ ရှိပေမယ်ႉ မှန်ကန်တဲ့ တရားစီရင်မှု ပြုလုပ်တာတွေ မရှိခဲ့ဘူးလို့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ လူငယ်အမျိုးသမီး နန်းခွမ်လိတ် ကပြောပါတယ်။

“လက်ရှိအခြေနေမှာဆိုရင် ကျမတို့ အားလုံးသိတဲ့အတိုင်းပဲ ရှိနေပြီးသားသော တရားစီရင်ရေးတွေက စစ်တပ်ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတယ်ဆိုတော့ ပိုပြီးတော့မှ မျှော်လင့်လို့မရဘူး။ တရားစီရင်ရေး ယန္တရားကနေပြီးတော့မှ တရားမျှတတဲ့ တရားစီရင်မှု ပေးမယ်ဆိုတဲ့ဟာ မျှော်လင့်လို့မရတဲ့အရာ နိုင်ငံတကာ အသိုင်းအဝိုင်းတွေအနေနဲ့ကလည်း ဒီစစ်တပ်ရဲ့ ကျုးလွန်နေမှုတွေ ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေ ရှိမနေဘူး။ မလုပ်ကြဘူး။ မလုပ်နိုင်ဘူး ဒါကတော့ ကျမတို့ အားလုံးမြင်တဲ့အတိုင်းပဲ” လို့  နိုင်ငံရေး တက်ကြွလှုပ်ရှားသူ  လူငယ် အမျိုးသမီး    နန်းခွမ်လိတ်က ပြောပါတယ်။

စစ်တပ်ဘက်က လူသိရှင်ကြား ငြင်းမရတဲ့ ဖြစ်စဉ်တွေ ဖြစ်သွားခဲ့ရင် ကျုးလွန်ထားတဲ့ တပ်သားကို ဖမ်းဆီးထောင်ချ တာတွေ လုပ်ပေမယ့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်ပေးတဲ့ ဖြစ်စဉ်တွေလည်း အများကြီး ရှိခဲ့ဖူးကြောင်း သူမက ထောက်ပြပြောဆိုခဲ့ပါတယ်။

“စစ်တပ်ထဲမှာရှိတဲ့ တရားစီရင်ရေး စနစ်ကိုက သူ့ရဲ့ တပ်သားတွေကို ကင်းလွတ်ခွင့်ပေးထားသလိုဖြစ်တယ်။ ဆိုတော့ စစ်သားတွေကလည်း လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ကျုးလွန်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ တရားစီရင်ရေးစနစ်ကိုက ထိရောက်တဲ့အရေးယူဆောင်ရွက်မှု မရှိဘူး။ ပိုဆိုးတာက စစ်တပ်က တခြားပြင်ပကနေ အရေးယူတဲ့ အခြေနေတွေ မရှိခဲ့ဘူး”လို့ နန်းခွမ်လိတ် ကထောက်ပြပြောဆိုခဲ့ပါတယ်။

စစ်တပ်ဟာ တိုင်းပြည် နဲ့ ပြည်သူကို ကာကွယ်ရမယ့် တာဝန်ဖြစ်ပေမယ့် စစ်တပ်ရဲ့ လုပ်ရပ်ဟာ ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်ဆောင်နေတာဟာ လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်ကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် က  ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန် က ပြောပါတယ်။ 

“စစ်တပ်ကို ဥပဒေအရ အရေးယူချင်ရင် ပထမတစ်ချက်က ကျနော်တို့နိုင်ငံက တရားမျှတမှုရှိလား တရားဥပဒေက သူ့ ပြည်သူအတွက် တကယ်ကိုလွှမ်းခြုံမှု ရှိလား ဆိုတာ ကျနော်တို့ နေတဲ့နိုင်ငံက မျှတတဲ့ တရားဥပဒေ တရားစီရင်မှုမရှိရင် ကျနော်တို့က ဘယ်လို တော်လှန်နိုင်မလဲ လက်ရှိချိန်ကအာဏာက စစ်တပ်လက်ထဲမှာ အားလုံးရှိထားတယ်ဆိုတော့ မျှတတဲ့တရားဥပဒေရှိဖို့က အလွန်ခက်ခဲတယ်လို့ ကျနော်မြင်တယ်” လို့ စိုင်းဟော်ရှဲန် ကပြောပါတယ်။ 

စစ်တပ်ဘက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ တိုင်းပြည်အာဏာကို ဝင်ရောက်တာဝန်ယူထားတယ်လို့ ဆိုပေမယ့် ဉပဒေပညာရှင်တွေကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒစိုးမိုးမှု ပိုမိုယိုယွင်းလာနေကြောင်း   ဥပဒေ ပညာရှင် တစ်ဦးက ထောက်ပြပြောဆိုလိုက်ပါတယ်။ 

စိုင်းမောင်ညို နာရေး

“တရားမျှတမှု မလုပ်ပဲနဲ့ ပြည်သူအပေါ် နိုင်ထက် စီးနင်းလုပ်နေတဲ့အပါ် စစ်တပ်ကတော့ သူရဲ့ ဂုဏ်သိက္ခာ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာ ဒီလိုနိုင်ထက်ကြီးနင်းမှု ဆက်လုပ်နေမယ်ဆိုရင် ရေရှည်မှာတော့ အင်မတန်မှ ကျဆုံးခြင်းဘက်ကို ဦးတည်နေတယ်။ ယခုလိုအခြေနေမျိုးဆိုရင် ဒီလိုမျိုးကမ္ဘာ့အလယ်မှာ ကိုယ့် ပြည်သူကိုတောင်မှ ပြန်ပြီးနှိပ်စက်တယ်။ အဖွဲ့အစည်းဆိုတာကတော့ ပြည်သူကို နှိပ်စက်လေ သူ့ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖျက်စီးလေပဲလို့ ကျနော်တို့မြင်တယ်။ ဥပဒေမရှိလေ သူ့ရဲ့ ဖွဲ့စည်းပုံဟာ ပျက်စီးလေပဲ လို့ မှတ်ယူလိုပါတယ်” လို့ ဥပဒေ ပညာရှင် တစ်ဦးက ပြောပါတယ်။ 

တရားစီရင်ရေးအပိုင်းမှာ ကြီးနိုင်ငယ်နင်း မရှိကြောင်း၊ တရားမျှတမှု မရှိရင် ဘယ်လိုအကြောင်းကြောင်ႉ ဖြစ်ဖြစ် တရားရေးအရ အရေးပါ အရာရောက်ကြောင်းကိုလည်း  ၎င်းက ထပ်လောင်းပြောပါတယ်။

“တရားစီရင်မယ်ဆိုရင်တောင်မှ ကြီးနိုင်ငယ်နင်းဆိုတာ မရှိဘူးလေ။ တရားမျှတမှု မရှိလို့ရှိရင် ဘယ်လိုဖြစ်ဖြစ်တရားရေးအရကတော့ အရေးပါ အရာရောက်တယ်။ အဲလိုတော့မြင်တယ်။ ဘယ်လို တရားစီရင်ရမယ်ဆိုတာကတော့ တစ်ကြိမ်ကြိမ် ဥပဒေက သေသွားမှာမဟုတ်ဘူး။ အုပ်ချုပ်သူမရှိပေမယ့်လည်း တရားဥပဒေက အမြဲတမ်း ရှိနေမှာပါ။ စည်းမျဉ်းစည်းကမ်းဆိုတာ နေရာတိုင်းမှာ ရှိနေမှာပဲ” လို့  ထောက်ပြပြောဆိုခဲ့ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...