Friday, May 3, 2024

ကျောက်မဲ ထင်းတင်ကားတိမ်းမှောက် ကားဆရာ သေဆုံး၊ ၃ ဦး ဒဏ်ရာရ

Must read

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၇)ရက်တွင် ထင်းတင်ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကားဆရာ သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။

ထိုထင်းတင်ကားသည် ကျောက်မဲမြို့နယ် ပန်စလော့ကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၂၇ ရက် နေ့လည် (၂)နာရီခွဲတွင် ယာဉ်တိမ်းမှောက်ခဲ့တာဖြစ်ပြီး ကားဆရာ သေဆုံးခဲ့တာဖြစ်ကြောင်း သိရသည်။

“ကားမောက်တာက ပန်စလော့နားမှာဖြစ်တာပါ။ ကားဆရာက အဲ့မှာပဲ ဆုံးသွားတယ်။ ဘာလို့ မှောက်သွားလဲတော့ မသိဘူး၊ အဲ့နားက မကြာခဏ ယာဉ်မတော်တဆ ဖြစ်တယ်။ လမ်းလည်း အကွေ့အကောက်များတယ်။ ပြီးတော့ ကုန်းတက်တာလည်း မတ်တယ်။ ထင်းတွေ တင်လာတဲ့ကားပဲ။ ကားပေါ်မှာ အားလုံး ၄ ယောက်ပါတယ်။ ကျန်တဲ့ ၃ ယောက်တော့ ဒဏ်ရာရတာပေါ့” ဟု အိုမ်တမာဝ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထင်းတင်ကား တိမ်းမှောက်မှုကြောင့် အသက် (၅၀)ဝန်းကျင် ကြိမ်းလော့ ရွာခံ ကားဆရာ သေဆုံးခဲ့ပြီး ၅ နှစ် အရွယ် ကလေးတစ်ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article