Tuesday, May 21, 2024

သီပေါမြို့နယ် ထိုင်းထုတ် အသားချောင်း စားပြီး အဆိပ်သင့်ဖြစ်

Must read

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တွန်ခေါ့ကျေးရွာ ဒေသခံ (၄)ဦးသည် နေအိမ်တွင် ပျော်ပွဲစားပြုလုပ်ရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားကာ ဆေးရုံတွင် ဆေးကုသမှုခံယူရကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက် ည ၁၀ နာရီဝန်းကျင်က နေအိမ်တွင် ပျော်ပွဲစားပြုလုပ် စားသောက်ကျရာမှ ထိုင်းနိုင်ငံထုတ် အသားချောင်း (ဟော့တော့) စားကာ အဆိပ်သင့်ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

“သူတို့ ပွဲလုပ်တာလားမသိဘူး။ သူတို့က ဟော့တော့ စားပြီးတော့ ဗိုက်ထဲမှာ အလိပ်လိပ်ခွေပြီးတော့ အသက်ရှူကျပ်လာတာတဲ့။ သေဆုံးတဲ့အထိတော့ မဖြစ်ဘူး။ ဆေးရုံးကိုတော့ ပို့ပေးလိုက်ရတယ်။ အဆိပ်သင့်သလိုဖြစ်သွားတာပေါ့” ဟု သီပေါမြို့ လူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

အဆိုပါ (၄)ဦးသည် မိသားစုဝင်များဖြစ်ကြပြီး အစာအဆိပ်သင့်မှုကြောင့် လားရှိုးဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေပြီဖြစ်ကြောင်း၊ လက်ရှိတွင် အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း သီပေါမြို့နယ် ဒေသခံတစ်ဦးက ဆိုသည်။

“အောက်ဆီဂျင်လည်း အသုံးပြုရတယ်လို့ပြောတယ်။ အသက်အန္တရာယ်အထိတော့ မရောက်ဘူး။ သူတို့က မိသားစုဝင်တွေ ဖြစ်တယ်။ မိခင်တစ်ယောက်နဲ့ ကလေး (၃)ယောက်တဲ့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယခုရက်ပိုင်း ထိုင်းနိုင်ငံထုတ် အသားချောင်းများတွင် တာရှည်ခံဆေးသုံးစွဲမှုများပြီး သေဆုံးမှုထိရှိကြောင်း ထိုင်းနိုင်ငံထုတ်သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။

လက်ရှိ သီပေါမြို့နယ်တွင် ဖြစ်ပွားခဲ့သော အစာအဆိပ်သင့်သည့် ဖြစ်စဉ်သည် ထိုင်းနိုင်ငံတွင် ရောင်းဝယ်ဖောက်ကားမှု ပိတ်ပင်ထားသည့် အမှတ်တံဆိပ်စားသုံးမှုကြောင့် ဖြစ်သည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။

“အခုတလော ဒါတွေကို မစားသင့်ဘူး။ ဟော့တော့လည်း ကလေးတွေကို မဝယ်ကျွေးသင့်သေးဘူး။ ထိုင်းနိုင်ငံမှာလည်း ဟော့တော့ စားလို့ လူတွေအများကြီး ခံနေရတယ်။
စားမိပြီး တစ်နာရီလောက်ဆို အထက်လှန်အောက်လျှောဖြစ်တယ်။ ကလေးတွေဆို ပိုပြီးအန္တရာယ်ဖြစ်နိုင်တယ်” ဟု သီပေါမြို့ လူငယ် အမျိုးသားတစ်ဦးက ပြောသည်။

ထိုဖြစ်စဉ်သည် သီပေါမြို့နယ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့က ထိုင်းအာဏာပိုင်များ အသားချောင်း (ဟော့တော့) လုံချင့် လုပ်သည့်နေရာကို သွားရောက် စစ်ဆေးကာ တာရှည်ခံ ထားနိုင်သည့် ဆေး အလွန်အကျွံ သုံးစွဲမှုကြောင့် စားသုံးသူ အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

Leave a Comments

- Advertisement -spot_img

Latest article