သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယမန်နေ့က စစ်တပ်ထောက်ခံပွဲပြုလုပ်နေစဉ် အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဒေသခံများအား စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁ရက်) စစ်ကောင်စီအာဏာသိမ်း တစ်နှစ်ပြည့်သည့်နေ့တွင် တာချီလိတ်မြို့၌ စစ်တပ်ထောက်ခံပွဲ ပြုလုပ်နေစဉ်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ယမန်နေ့ ညပိုင်းနှင့် ယနေ့(ဖေဖော်ဝါရီ ၂ရက်)တွင် ဒေသခံပြည်သူများအား နေအိမ်ထဲထိ စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။
“သူတို့ (စကစ)က မသင်္ကာတဲ့ အိမ်တွေကိုဆိုရင် အိမ်ထဲထိ ဝင်ပြီး စစ်ဆေးတယ်။ ဒလန် သတင်းပေးလို့ လိုက်စစ်တယ် ထင်တာပဲ၊ သူတို့ စစ်ဆေးပြီး ဉပဒေတွေနဲ့ မလွှတ်ကင်းတာ ဘာမှ မတွေ့ဘူး ဆိုလည်း ဖမ်းချင်ရင် ဖမ်းသွားတာပဲ၊ စစ်ကြောရေး ပို့ခဲ့ရတဲ့သူတွေ ရှိတယ်လို့လဲ ကြားတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ တာချီလိတ် မြို့တွင်းတွင် လမ်းသွားလမ်းလာ ဒေသခံပြည်သူများကိုလည်း တားဆီး စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“မနေ့က ဗုံးပေါက်ကွဲပြီး ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်၊ အဲ့ကြောင့် ဒီနေ့ မြို့တွင်း သွားလာတဲ့သူတွေ မသင်္ကာတဲ့သူတွေကိုဆိုရင် စစ်ဆေးတယ်။ တော်တော်များများ စစ်ဆေးခံရတယ်၊ ဖမ်းခံရတာလည်း ရှိတယ်လို့ ကြားတယ်၊ ဘယ်နှယောက်ဖမ်းခံရလဲတော့ သေခြာမသိဘူး” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။
တာချီလိတ်မြို့တွင် ယမန်နေ့ နေ့လည်ပိုင်းက စစ်တပ်ထောက်ခံပွဲပြုလုပ်နေစဉ် ဗုံးပေါက်ကွဲမှုကြောင့် စစ်တပ်ထောက်ခံပွဲဝင်နေသူ ၂ ဦးနှင့် စစ်မှုထမ်းဟောင်း အပါအဝင် (၃၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။











Leave a Comments