သျှမ်းမြောက် ကျောက်မဲမြို့တွင် ကိုဗစ်အတည်ပြုလူနာ မတွေ့ရှိတာ နှစ်ပတ်ခန့် ကြာပြီးနောက် ကိုဗစ်လူနာသစ် ပြန်လည်တွေ့ရှိခဲ့ရကြောင်း သတင်းသိရသည်။

ကျောက်မဲတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်က ကိုဗစ်လူနာသစ် မတွေ့ရှိတော့တာဖြစ်ပြီး ယမန်နေ့တွင် သက်ကြီး အမျိုးသားတစ်ဦးထံမှ ကိုဗစ်ပိုး ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
“ကိုဗစ်လူနာ မတွေ့တာ ကြာလှပြီ၊ တော်တော်ကြာသွားပြီ၊ ခုရက်ပိုင်း ပြန်တွေ့လာရတယ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းက သက်ကြီး အမျိုးသား တစ်ဦးမှာ ကိုဗစ်ပိုး ပြန်တွေ့တာ၊ နောက်တစ်ရက် သူ့မိသားစုဝင်ထဲက တစ်ယောက် ကိုဗစ်ပိုး ထပ်တွေ့တယ်” ဟု ကျောက်မဲ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ကျောက်မဲမြို့နယ်တွင် ကိုဗစ် ကာကွယ်ဆေးထိုးထားသည့်သူ အများစု ဖြစ်သော်လည်း ကိုဗစ် ပိုး ရှိနေသေးသည့်အတွက် ကိုဗစ်စည်းကမ်းကို ဆက်လက်လိုက်နာသင့်ကြောင်း ၎င်း အမျိုးသမီးက ဆိုသည်။
“ကိုဗစ် ကာကွယ်ဆေးကို တော်တော်များများ ထိုးကြတယ်၊ ဒါပေမယ့် ကိုဗစ်ပိုးက ရှိနေသေးတယ် ဆိုတာ့ စည်းကမ်းတွေ လိုက်နာသင့်တယ်၊ ခုက Mask မတပ်ပဲ မြို့ထဲ လျှောက်သွားနေကြတာ အများကြီး၊ ရောဂါပိုးတွေ ထပ်ပွားလာမှာကိုတော့ စိုးရိမ်တယ်” လို့ အထက်ပါ အမျိုးသမီးက ပြောသည်။
ကျောက်မဲမြို့နယ်တွင် ကိုဗစ်ကူးစက်လူနာ ၁၉၀၀ ဝန်းကျင် ရှိနေပြီး သေဆုံးသူ ၁၀၀ ကျော် ရှိနေကြောင်း သိရသည်။











Leave a Comments