သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ယနေ့ ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ရဲ၊ အချုပ်ကား၊ စစ်ကားတို့က အင်အားအများအပြားဖြင့် မြို့တွင်း ကင်းလှည့်သွားလာနေလျက်ရှိကြောင်း စုံစမ်း သိရှိရသည်။
“သွားလာနေတာကို တွေ့လိုက်တယ်။ ရဲကား၊ အချုပ်ကား၊ စစ်သားတွေရော အများကြီး သွားလာနေတာ။ စစ်ကားတော့ အထဲမှာ စစ်သားဘယ်လောက်ရှိလဲ မသိဘူး။ သူတို့အထဲမှာ အလုံပိတ်ထားတာ။ ဘာမှ မတွေ့ဘူး။ ဒီနေ့မှဘဲ အင်အားများများနဲ့ သွားလာနေသလိုဘဲ” ဟု တာချီလိတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ ရဲကားများ၊ စစ်ကားများ မြို့တွင်း အင်အားအများအပြားဖြင့် လှည့်လည်နေခြင်းသည် လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့ အသံတိတ်သပိတ်နှင့် ပတ်သက်မှုများရှိနိုင်ကြောင်း၊ အသံတိတ်သပိတ် မလုပ်ရဲစေဖို့ လာရောက် အင်းအားပြခြင်း ဖြစ်နိုင်သည် ဟု တာချီလိတ် ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။
“လာမဲ့ ၁ ရက်နေ့ကြရင် အသံတိတ်သပိတ်မလုပ်အောင်လို့ အင်အားပြတာလားမသိဘူးလေ။ လိုင်းပေါ်မှာတွေလည်း တွေ့နေရတယ်။ အသံတိတ်သပိတ်လုပ်ရင် ဖမ်းမယ်လို့ပြောတယ်။ ပြည်သူတွေ မလုပ်ရဲအောင် တမင်တကာ လုပ်ပြတာလားမသိဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
တာချီလိတ်မြို့တွင် နေ့စဉ်ရက်တိုင်းနီးပါး စစ်ကောင်စီက ကားဖြင့် လှည့်လည်စစ်ဆေးနေပြီး ဖမ်းဆီးမှုများလည်း ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီများ ကင်းလှည့်သွားလာနေမှုကြောင့် ဒေသခံများ သွားလာရေးအတွက် စိုးရိမ်နေလျက်ရှိကြောင်း သိရသည်။