Friday, April 19, 2024

ငြိမ်းချမ်းရေး နဲ့ ဖက်ဒရယ် အမြန်ရအောင်ကြိုးစားနေတဲ့ ဦးစိုင်းအိုက်ပေါင်း

Must read

နေပြည်တော်မှာ နစက က ဖွဲ့စည်းထားတဲ့ အမျိုးသား ညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ နိုင်ငံရေးပါတီ အချို့ ဇန်နဝါရီ (၂၀)ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး (၅)နှစ် အတွင်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် သဘောတူညီမှု ရရှိခဲ့ကြပါတယ်။ အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ဖက်ဒရယ်ပြည်ထောင်စုမျိုးကို တည်ဆောက်သွားမှာလဲဆိုတာ နစက နဲ့ တွေ့ဆုံခဲ့တဲ့ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ နေပြည်တော်မှာ နစက ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။ တွေ့ဆုံချိန်မှာ ဘာတွေ ဆွေးနွေးခဲ့ကြပါသလဲ။


ဖြေ ။ ။ ဒီလ ၂၀ ရက်နေ့ အန်ကယ်တို့ ပါတီအစုအဖွဲ့၊ UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မတီရဲ့ ပါတီအစုအဖွဲ့က အလုပ်ကော်မတီ (၁၀)ပါတီ ရှိတယ်။ လောလောဆယ် (၉)ပါတီ သွားတက်တယ်။ တပ်မတော်၊ အစိုးရအဖွဲ့ နဲ့ ကျနော်တို့ ပါတီတွေ တွေ့ကြတယ်။

အဓိက ကတော့ မူဘောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် မူဘောင်ကို ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့ မူဘောင်က ကျနော်တို့ ပါတီအစုအဖွဲ့နဲ့ အစိုးရနဲ့ တချို့ကိစ္စ သဘောတူ တိုက်ဆိုင်တာရှိတယ်။ မတိုက်ဆိုင်တာတွေလည်းရှိတယ်။ မတိုက်ဆိုင်တာကို ပြန်ညှိနှိုင်းပြီးတော့ အားလုံးက သဘောတူသွားကြတယ်။ သဘောတူကြတာကတော့ ကျနော်တို့ တိုင်းရင်းသားတွေအားလုံး လိုအင်ဆန္ဒက ဘာလဲဆိုတော့ ဖက်ဒရယ်ပြည်ထောင်စုပဲ။

မေး ။ ။ ဘယ်လိုနည်းလမ်းနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားကြဖို့ ရှိပါသလဲရှင့်။


ဖြေ ။ ။ ဖက်ဒရယ်ပြည်ထောင်စု မရရှိတဲ့အတွက်ကြောင့် တိုင်းရင်းသားတွေ ဘယ်လိုခံစားရလဲဆိုတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူရည်တူ အခွင့်အရေး မရရှိတဲ့အတွက်ကြောင့် တိုင်းရင်းသားတွေက လက်နက်ကိုင် အစုအဖွဲ့ ဆိုပြီးတော့ ရှိလာတယ်။

အဲ့တော့ တိုင်းရင်းသားတွေက ကိုယ့်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ လိုချင်လို့ အဲ့လို လက်နက်ကိုင်တယ်။ အဓိက ကျနော်တို့ ပြည်ထောင်စုရဲ့ ပြသာနာက ဘာလဲဆိုတော့ ဖက်ဒရယ်ဖြစ်ဖို့ အရေးကြီးတယ်။

ဒီလိုပုံစံနဲ့ ပါတီတွေ၊ EAO တွေ၊ တပ်မတော် အစုအဖွဲ့၊ အစိုးရနဲ့ သုံးပွင့်ဆိုင်အနေနဲ့ ၁ လ တစ်ခါ၊ ၂ လ တစ်ခါ ညှိနှိုင်းပြီးတော့ လုပ်မယ်ဆိုရင် ကြာမယ်။ တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်နှနှစ် အတောအတွင်းမှာ အခြေခံဥပဒေကို ပြီးအောင်လုပ်ရမလဲ။ အချိန်တစ်ခု သတ်မှတ်ဖို့သင့်တယ်။ အားလုံးက ညှိကြတဲ့အခါ (၅)နှစ်ကို ဖက်ဒရယ်ပြည်ထောင်စု ပုံစံဖြစ်အောင် လုပ်ရမယ်။

(၅)နှစ် အတောအတွင်းကို ဒီအစိုးရ၊ တပ်မတော် နဲ့ ကျနော်တို့ ပါတီတွေက (၅)နှစ်လို့ ပြောနေပေမယ့် တကယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း လာပြီးတော့ တွေ့ဆုံဆွေးနွေးမယ်၊ ခေါင်းချင်းဆိုင်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုသွားမလဲ၊ အခြေခံဥပဒေကို ညှိနှိုင်းပြီးတော့ ဆွေးနွေးသွားကြမယ်ဆိုရင် (၅)နှစ် မဟုတ်ဘဲနဲ့ (၃)နှစ်လည်း ဖြစ်ရင် ဖြစ်သွားမှာပေါ့။ မြန်မြန်ဆန်ဆန်နဲ့ ညှိနှိုင်းဆွေးနွေးနိုင်ဖို့က အရေးကြီးတယ်။

ကျနော်တို့ ဒီတိုင်း မျောပြီးမသွားနဲ့ ကျနော်က အတွေ့အကြုံရှိတယ်။ ၁၉၉၃ ကနေ ၉၆ မှာ အမျိုးသားညီလာခံ တက်ခဲ့တယ်။ ကျိုက္ကစံကွင်းမှာ camp သွင်းပြီးတော့ နေ့လည်လည်း ဆွေးနွေး၊ ညလည်း ဆွေးနွေး အဲ့လိုပုံစံနဲ့ ဆွေးနွေးမယ်ဆိုရင် မြန်မယ်။

ကျနော်တို့က ဒီလိုပုံစံနဲ့ အားလုံးက (၃)ဖွဲ့။ (၃)ဖွဲ့ဆိုတာက အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီအစုအဖွဲ့ ၊ နောက် တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ အဲ့လိုတွေ ပေါင်းပြီးတော့ Camp သွင်းပြီး ဆွေးနွေးတိုင်ပင်မယ်ဆိုရင် မြန်မယ်။ အဲ့လိုလုပ်မှရမယ်ဆိုတာ ကျနော်တို့က အဆိုပြုထားတယ်။

ဒါပေမယ့် မူအားဖြင့်တော့ (၅)နှစ် အတောအတွင်း အောင်ရမယ်။ ဖက်ဒရယ် ပြည်ထောင်စု ပုံစံ ပေါ်ပေါက်အောင် လုပ်ရမယ်။ တကယ်တမ်းကျတော့ ဒါက ကောင်းတဲ့ လက္ခဏာ တစ်ခုပဲ။

တပ်မတော် နဲ့ အစိုးရ က ဒီတိုင်း သဘောတူသွားပြီ။ ပါတီအစုအဖွဲ့လည်း သဘောတူတယ်။ တကယ်လို့ (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရော လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေရော လာပြီးတော့မှ ဆွေးနွေးမယ်ဆိုလို့ရှိရင် ပိုပြီးတော့ မြန်ဆန်ထိရောက်မယ်။ ဖက်ဒရယ် ပြည်ထောင်စုကြီး မြန်မြန်ဆန်ဆန် ပေါ်ပေါက်လာမယ်လို့ ကျနော်တို့က ယုံကြည်မျှော်လင့်တယ်။

မေး ။ ။ နစကနဲ့ တွေ့ဆုံတဲ့ (၁၀)ပါတီထဲက (၉)ပါတီ တက်ရောက်တယ်ဆိုတာ ဘယ်ပါတီတွေလဲရှင့်။


ဖြေ ။ ။ အသေးစိတ်က ကျနော်တို့က ပါတီအားလုံးရဲ့ ကိုယ်စားပြုတာ။ ပါတီ အစုအဖွဲ့ရဲ့ ကိုယ်စားအားလုံး ပါတီအစုအဖွဲ့ရဲ့ ကိုယ်စားပဲ။ တိုင်းရင်းသားပါတီတွေလည်းပါတယ်။ မြေပြန့်ပါတီတွေလည်း ပါတယ်။ ပါတီ အစုအဖွဲ့တွေ ဆိုတာ ကျနော်တို့ (UPDJC) ပါတီအစုအဖွဲ့က ပါတီအားလုံးကို ကိုယ်စားပြုထားတဲ့အဖွဲ့။

မေး ။ ။ (၅)နှစ်အတွင်း တည်ဆောက်မယ့် ဖက်ဒရယ် ပြည်ထောင်စုက စစ်မှန်တဲ့ ဖက်ဒရယ် ပေါ်ပေါက်လာနိုင်မလားရှင့်။ ဘယ်လို ဖက်ဒရယ်မျိုးလဲဆိုတာ နည်းနည်းရှင်းပြပေးလို့ရပါသလား။

ဖြေ ။ ။ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်လာဖို့။ တိုင်းရင်းသားတွေက ဘာလိုချင်တာလဲ။ Power sharing၊ Tax sharing၊ Resource sharing ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အဲ့ဒီမှာ ရှင်းရှင်းပြောရင် အန်ကယ်တို့လည်း ဂျာမနီ ဖက်ဒရယ် သွားလေ့လာခဲ့ပြီးပြီ။ ဆွတ်ဇာလန် ဖက်ဒရယ် သွားလေ့လာခဲ့ပြီးပြီ။ အင်ဒိုနီးရှားလည်း သွားလေ့လာခဲ့ပြီးပြီ။

ကမ္ဘာ့ဖက်ဒရယ်တွေရဲ့ ပုံစံက ဘယ်လို ဒို့နိုင်ငံနဲ့ အသင့်တော်ဆုံးက ဘယ်လို အဲ့လိုမျိုးဆွေးနွေးရမှာ။ ဒါက တိုင်းရင်းသား လက်နက်ကိုင်တွေ ပါမှဖြစ်မှာ။ အဓိက တိုင်းရင်းသားလက်နက်ကိုင်နဲ့ တပ်မတော်ပဲ။

နိုင်ငံရေးပါတီက ပြည်သူကို ကိုယ်စားပြုတာပဲ။ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ပြီး ပြည်သူက နိုင်ငံရေးပါတီကို မဲ ပေးမှာပဲလေ။ အဲ့ဒါ ပြည်သူရဲ့ ကိုယ်စားပဲလေ။

မေး။ ။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဘယ်လို ပူးပေါင်း ဆောင်ရွက်သွားဖို့ရှိပါသလဲရှင့်။


ဖြေ ။ ။ အန်ကယ် တို့လည်း သွားခဲ့တာပဲ။ တိုင်းရင်းသားလက်နက်ကိုင် အများစုကတော့ (NCA)လမ်းကြောင်းအတိုင်း သွားမယ်လို့ သူတို့ပြောထားတာ ကျနော်တို့ ဝမ်းသာစရာပဲ။ ကောင်းမွန်တဲ့ လက္ခဏာပဲလေ။ ကျနော်တို့က ဒီ ငြိမ်းချမ်းရေးအတွက်ဆိုရင် လက်နက်ကိုင်ပြီးတော့ ဖြေရှင်းတာ ငြိမ်းချမ်းရေးမပြီးဆုံးနိုင်ဘူး။ စားပွဲပေါ်မှာ ထိုင်ပြီးတော့ ဆွေးနွေးမှ အဖြေပေါ်မှာ။ ဒါမှ ပြည်ထောင်စုက ငြိမ်းချမ်းကြမှာ။

မေး ။ ။ တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးမပါရင်ရော စစ်မှန်တဲ့ ဖက်ဒရယ် ဖြစ်လာနိုင်လား။
ဖြေ ။ ။ အားလုံးပါအောင် အန်ကယ်တို့ လုပ်သွားမှာ၊ အစီအစဉ်ရှိတယ်။ NCA မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဆက်သွယ်နေတယ်။ သူတို့ ထိုးလာအောင် အန်ကယ်တို့ ကြိုးစားနေတယ်။ ဒါပေမယ့် မီဒီယာတွေ အကုန်ပြောပြဖို့လဲ မလိုအပ်ဘူး။ တချို့ကလည်း မီးစိမ်းပြနေပြီ ထိုးချင်တဲ့ ဆန္ဒရှိနေပြီ။ အန်ကယ်တို့လည်း ဆက်သွယ်နေတယ်။ ဆက်ပြီး ဒါ လာထိုးသွားရင် အားလုံးက ပါသွားပြီလေ။ NCA ထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ မထိုးတဲ့ လက်နက်ကိုင်တွေလည်း ကျနော်တို့ စည်းရုံးနေတယ်။

မေး ။ ။ လာမယ့် ၂၀၂၃ ခုနစ်မှာ PR စနစ်နဲ့ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြားသိထားရပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ရော SNDP အနေနဲ့ ဘယ်လို စီစဉ်ထားတာရှိလဲ။ ဒါနဲ့ ပတ်သက်ပြီးတော့ရော နည်းနည်းပြောပြပေးလို့ရပါသလားရှင့်။

ဖြေ ။ ။ ကျနော်တို့ကတော့ ဒီ PR စနစ်ကို ကြိုက်တယ်။ ကြိုက်တယ်ဆိုတာ အစက ကျနော်တို့ သေချာမလေ့လာလို့။ မကြိုက်ဘူး။ လွှတ်တော်မှာ အရင်တုန်းက ၂၀၁၁ ကနေ ၂၀၁၆ ထိ ကျနော်တို့ (SNDP) ကျားဖြူပါတီက မကြိုက်ဘူးလို့ ကန့်ကွက်ခဲ့တယ်။ နောက်ပိုင်းကျတော့ PR စနစ်ကို အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ ပုံစံက လေ့လာလိုက်တဲ့အခါမှ ဒါက ပိုပြီးတော့ တရားမျှတတယ်။ တစ်ပါတီကနေပြီးတော့ ကြီးစိုးတာ မဟုတ်တော့ဘူး။

အန်ကယ်တို့ ပြောပြမယ်။ ၂၀၁၅ မှာ အကြောင်းအမျိုးမျိုးကြောင့် ဖိအားအမျိုးမျိုးကြောင့် ကျားဖြူပါတီက တစ်ယောက်ပဲ နိုင်တယ်။ ပညာရှင်တွေက သုတေသန လုပ်လိုက်တဲ့အခါ PR စနစ်နဲ့ တွက်လိုက်တဲ့အခါမှာ ကျားဖြူပါတီက (၁၂)ယောက် နိုင်တယ်။ အမျိုးသား လွှတ်တော်မှာ (၁)ယောက်၊ ပြည်သူ့မှာ (၄)ယောက်၊ ပြည်နယ်မှာ (၇)ယောက် နိုင်ခဲ့တယ်။
အဲ့ဒီတော့ကာ နိုင်သူ အကုန်ယူတုန်းက (၁)ယောက်ပဲ နိုင်တယ်။ PR စနစ်နဲ့ ပြန်တွက်လိုက်တဲ့ခါမှာ (၁၂)ယောက် နိုင်တယ်။ အဲ့တော့ အလဟသ မဖြစ်ဘူးဆိုတဲ့အကြောင်းကို သိသွားတယ်။ အဲ့တော့ PR ကတော့ ကောင်းတယ်။ အားလုံး မျှမျှတတ ကိုယ်စားလှယ်တွေ ပါဝင်နိုင်တဲ့ နည်းစနစ်ပဲ။ အဲ့တော့ ဒို့က PR စနစ်ကို ကြိုက်တယ်။

မေး ။ ။ လက်ရှိ မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကကော ဘယ်လို ဖြေရှင်းသွားဖို့ ရှိပါသလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ကတော့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ သွားချင်တာပေါ့ဗျာ။ ဒါက အစိုးရကိစ္စ၊ ကျနော့်ကို လာမေးတော့ ကျနော်က ငြိမ်းချမ်းရေးအတွက်ပဲ လုပ်နေမှာလေ။

မေး ။ ။ (၅)နှစ်အတွင်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားမယ်ဆိုတော့ ပြည်သူတွေကတော့ စစ်ကောင်စီကို လက်မခံပဲ ဘယ်လိုနည်းလမ်းနဲ့ လက်ခံလာအောင်၊ ငြိမ်းချမ်းရေးအနေနဲ့ ဘယ်လိုဖော်ဆောင်သွားဖို့ရှိပါသလဲရှင့်။


ဖြေ ။ ။ စစ်ကောင်စီကို လက်မခံဘူးဆိုတာကတော့ ဟုတ်ပြီ။ ဒါပေမယ့် ခုလက်ရှိ စစ်ကောင်စီက ဘယ်လို ပေါ်ပေါက်လာလဲဆိုတော့ အခြေခံ ဥပဒေ ပုဒ်မ (၄၁၈) အရေးပေါ်ကာလ ယာယီ သမ္မတ က သူ့ကို ခန့်လိုက်တယ်။ အများဆုံး (၂)နှစ်အတွင်းပဲ လုပ်ရမယ်လေ။ သူ့ သက်တမ်းက (၁)နှစ်ပဲ ကျန်တော့တယ်။ ဖေဖော်ဝါရီ (၁)ရက်နေ့ကျရင် (၁)နှစ် ပြည့်သွားပြီ။ အဲ့တော့ ကျန်တဲ့ အတောအတွင်းမှာ တည်ငြိမ်အောင်လုပ်ရမယ့် တာဝန် သူ့မှာရှိတယ်။
လက်ရှိ အိမ်စောင့်အစိုးရ လုပ်ရမယ့်တာဝန် သူက လုပ်ပြီးပြီဆိုရင် ရွေးကောက်ပွဲ လုပ်ပေးရမယ်။ လုပ်ပေးပြီးရင် အစိုးရအသစ်ပေါ်လာမှာပဲ။

PR စနစ်နဲ့ ရွေးကောက်ပွဲလုပ်မယ် လုပ်ပြီးရင် အစိုးရသစ်ပေါ်လာမယ်။ ပေါ်လာပြီဆိုလို့ရှိရင် ပါတီတွေ အားလုံးလိုလို ပါလာလိမ့်မယ်။ အဲ့တော့ ညွန့်ပေါင်းအစိုးရလိုပုံစံ ဖြစ်သွားမယ်။ အဲ့ဒါဆိုရင် တိုင်းပြည်ကြီးက စုပေါင်း ခေါင်းဆောင် ပုံစံနဲ့ ဖြစ်သွားမယ်။ အဲ့ချိန်ကျရင် ကျနော်တို့ သျှမ်းပြည်ကလည်း ကျနော်တို့ သျှမ်းနဲ့ တိုင်းရင်းသားတွေ အားလုံးက အုပ်ချုပ်ရတော့မှာ။

မေး ။ ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက အန်ကယ် ဦးစိုင်းအိုက်ပေါင်း အနေနဲ့ ထိုင်းနိုင်ငံကိုလာပြီးတော့ RCSS ဥက္ကဌနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကြားသိရပါတယ်။ ဘာတွေ ဆွေးနွေးပြီး သဘောတူခဲ့ကြပါသလဲရှင့်။

ဖြေ ။ ။ ပြီးတဲ့ဟာကို ပြန်မပြောပါနဲ့တော့။ တွေ့ဆုံတာ တော်တော်ကောင်းတဲ့ အလားအလာရှိပါတယ်ဗျာ။ NCA လမ်းကြောင်းအတိုင်းသွားမယ်လို့ RCSS ဥက္ကဋ္ဌကြီးက ပြောခဲ့ပါတယ်။ အဲ့လိုပဲ ပြောရမှာနော့်။

မေး ။ ။ နောက်ဆုံး အနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲရှင့်။


ဖြေ ။ ။ မရှိတော့ပါဘူး။ တစ်စုတစ်ဖွဲ့ ဆန္ဒလည်းမပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် အားလုံးပါရမယ်။ ပါတီအစုအဖွဲ့ပါမယ်။ တပ်မတော် ပါရမယ်။ အစိုးရ ပါရမယ်။ နောက်ဆုံး NGO တွေလည်း ပါဝင်လာမယ်။ ဒီအခြေခံ ဥပဒေ ဆွဲတဲ့အချိန်ကျရင်။ ပြည်ထောင်စု အားလုံးနဲ့ဆိုင်တဲ့ အခြေခံ ဥပဒေ ဖြစ်လာမှာပေါ့။

အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

Leave a Comments

- Advertisement -spot_img

Latest article