Wednesday, April 24, 2024

ကျောက်မဲမြို့ နေအိမ်များထံ စစ်ကောင်စီ လိုက်လံ စစ်ဆေးနေ

Must read

သျှမ်းမြောက် ကျောက်မဲမြို့ နေအိမ်များနှင့် လမ်းသွား၊ လမ်းလာသူများကို စစ်ကောင်စီမှ လိုက်လံ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီ မှ ကျောက်မဲမြို့တွင်း လမ်းများအပြင် ရပ်ကွက်အတွင်းရှိ နေအိမ်တချို့ကိုလည်း ဝင်ရောက်စစ်ဆေးမှုများ ရှိနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

“စစ်ဆေးတာတွေ ရှိတယ်၊ ၂ ကွက်နဲ့ ၇ ကွက်တွေမှာစစ်တယ်၊ မြို့ပြင် တိုးဂိတ် ပန်ဟုတ်ဘက်တွေမှာ မနေ့ကရော ဒီနေ့ရော ပစ်ခတ်တာတွေ ရှိတယ်၊ မြို့ထဲကနေလည်း ကြားနေရတာပဲ၊ အဲ့ဒါကြောင့် စစ်ဆေးနေတာလား၊ တခြားကြောင့်လားတော့ သေချာ မသိဘူး” ဟု ဒေသခံ အသက် ၃၅ နှစ် အရွယ်ရှိ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့ ည ၇ နာရီ ဝန်းကျင် မြို့ပေါ် ရပ်ကွက် (၇)အတွင်း လမ်းသွားလမ်းလာများအား စစ်ကောင်စီတို့မှ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး၊ အလားတူ ယမန်နေ့ (ဇန်နဝါရီ ၁၃)ရက် ည ၈ နာရီဝန်းကျင်တွင်လည်း ကျောက်မဲမြို့ နမ့်ဟူးတောင်းအသွားလမ်းတွင် စစ်ကောင်စီ မှ စစ်ဆေးမှုများ ပြုလုပ်ခဲ့သေးကြောင်း ဒေသခံအမျိုးသမီး တစ်ဦးပြောပြချက်အရ သိရသည်။

“တစ်ရပ်ကွက်ပြီး တစ်ရပ်ကွက် စစ်ဆေးနေတာပဲ၊ မနေ့ညက နမ့်ဟူးတောင်းထဲမှာ လမ်းသွားလမ်းလာတွေကို စစ်တာလို့တော့ ကြားတယ်၊ ဘာတွေစစ်လဲတော့ မသိဘူး၊ ရပ်ကွက်တွေထဲလည်း သူတို့(စကစ)တွေ ဖြတ်သွားဖြတ်လာနဲ့ တွေ့နေရတယ်” ဟု အဆိုပါနေရာအနီး နေထိုင်သည့် ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းမှ စပြီး တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲ နေ့စဉ်နီးပါး ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများ မြို့ပေါ်နှင့် အခြားကျေးရွားသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသိရသည်။


ယနေ့ (ဇန်နဝါရီ ၁၄) ရက် နံနက် အစောပိုင်းတွင်လည်း ကျောက်မဲ – သီပေါကြား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်အန်းနှင့် ချောင်းချောက်ကျေးရွာအနီးတွင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article