စစ်တပ်မှ အသက်ပြန်သွင်းနေတဲ့ တောင်ကြီး ပင်းပက်စီမံကိန်း

0

“တကယ်လို့ ပင်းပက်စက်ရုံ လည်ပတ်မယ်ဆိုရင် ကျနော်တို့ ဒေသခံတွေ ငတ်သွားမယ် ထင်တယ်။ ပြီးတော့ မြေယာသိမ်းမှုတွေ နောက်တစ်ခေါက် ထပ်ဖြစ်လာမှာကိုလည်း စိုးရိမ်တယ်” လို့ ခွန်သောင်း က သူရဲ့ စိုးရိမ်မှုကို ပြောပါတယ်။

ပင်းပက်စက်ရုံစီမံကိန်းဟာ သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ် နမ့်ဆီးကျေးရွာအုပ်စုအတွင်းမှာ တည်ရှိပြီး မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံး သံမဏိစက်ရုံလည်း ဖြစ်ပါတယ်။

နမ့်ဆီးကျေးရွာအုပ်စုအတွင်းမှာဆိုရင် စက်ရုံကြီး ၃ ရုံ ရှိပြီး ပင်းပက် သံမဏိစက်ရုံနှင့် သံရိုင်း သတ္တုတူးဖော်ရေး စက်ရုံ၊ ကမ္ဘောဇဘိလပ်မြေ စက်ရုံနဲ့ ငွေကမ္ဘာကျော် ခနောက် စိမ်းစက်ရုံတို့ ဖြစ်ပါတယ်။

အဲ့ဒီ စက်ရုံစီမံကိန်းတွေကြောင့် ဒေသခံတွေဟာ မြေယာအတင်းအဓမ္မသိမ်းယူခံရမှုအပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ စားဝတ်နေရေးစတဲ့ ပြဿနာတွေကို တွေ့ကြုံခံစားခဲ့ရတယ်။

ပင်းပက်ဒေသပတ်ဝန်းကျင်မှာ အများစုကတော့ ပအိုဝ်းတိုင်းရင်းသား တွေဖြစ်ပြီး၊ သျှမ်းလူမျိုးတွေလည်း ရှိကြပြီး၊ ဒေသခံတွေ ဟာ တောင်ယာ စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်စားသောက်နေကြတာပါ။

အဲ့ဒေသမှာ ဆိုရင် တော့ မြန်မာနိုင်ငံမှာ ဒုတိယအကြီးမားဆုံးဖြစ်တဲ့ အမှတ် (၂) သံမဏိစက်ရုံနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်း စီမံကိန်းတစ်ခုလည်း တည်ရှိပြီး၊ ဒီစီမံကိန်းကို ပြီးခဲ့တဲ့ NLD အစိုးရလက်ထပ် ၂၀၁၇ ခုနှစ်က ရပ်နားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ အာဏာသိမ်း စစ်ကောင်စီကတော့ ဒီ စီမံကိန်းကို ပြန်လည်ပတ်ဖို့အတွက် အားခဲနေပြီး ကြိုးစားနေ ပါတယ်။

၂၀၂၁ ခုနှစ် စစ်ကောင်စီ အာဏာသိမ်းပြီး ၅ လကျော်အကြာ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ စစ်ကောင်စီ လက်အောက်ခံ စက်မှုဝန်ကြီးဌာန နဲ့ ရုရှားနိုင်ငံ သံအမတ်တို့က ပင်းပက်စက်ရုံစီမံကိန်း လည်ပတ်နိုင်ရန်အတွက် နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာထဲမှာ ဖော်ပြထားပါတယ်။

တွေ့ဆုံမှုအပြီး ပင်းပက် သံမဏိစက်ရုံစီမံကိန်းကို လာမယ့် ၂၀၂၃ ခုနှစ်အတွင်းမှာ စတင်လည်ပတ်မယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

ဒီသတ္တုစက်ရုံဟာ စစ်ကောင်စီတပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ ရုရှားအစိုးရပိုင် Tyazhpromexport တို့အကြား ဖက်စပ် သံမဏိတူးဖော်သန့်စင်ရေး စီမံကိန်း တခုထပ် ဖြစ်လာမှာပါ။

စီမံကိန်းကြောင့် မြေယာ အတင်းအဓမ္မ သိမ်းယူမှု

သံမဏိစက်ရုံစီမံကိန်းစတင်ချိန်က ပင်းပက်ဒေသပတ်ဝန်းကျင်မှာ မြေယာပြဿနာတွေ ဖြစ်ပေါ်ခဲ့ပြီး တောင်သူတွေရဲ့ မြေယာကို အတင်း အဓမ္မ သိမ်းယူခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒ့ါကြောင့် ပင်းပတ်ဒေသမှာသံမဏီစက်ရုံ စီမံကိန်း ထပ်မံစတင်မယ်ဆိုပါက မြေယာသိမ်းဆည်းမှု ပြဿနာ ထပ်မံဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေကို တွေးပူနေကြပါတယ်။

“၂၀၀၅ ခုနှစ်တုန်းက စက်ရုံလာဆောက်မယ်ဆိုပြီးတော့ တောင်သူတွေရဲ့ မြေယာတွေကို အတင်း အဓမ္မ သိမ်းယူသွားတာ၊အခု ပြန်စမယ်ဆိုရင်တော့ မြေထပ်သိမ်းမှာ ကြောက်တယ်” လို့ နောင်ကော်ကျေးရွာဒေသခံ တောင်သူ ခွန်သောင်းက ပြောပါတယ်။

၂၀၀၅ခုနစ်တုန်းက ဧက (၅၁၄၄) သိမ်းယူခဲ့ပြီးနောက်၂၀၁၀ ခုနှစ်တွင် နောက်ထပ် ဧက(၁၀၀)ဝန်းကျင် တိုးချဲ့သိမ်းယူခဲ့ပါတယ်။

တောင်သူတွေရဲ့ လယ်ယာမြေတွေကို အဓမ္မ သိမ်းယူပြီးနောက် ၂၀၀၅ ခုနှစ်မှာ တစ်ဧက လျော်ကြေးငွေ (၅)ထောင်ကျပ်သာပေးပြီး ၂၀၁၀ နောက်ပိုင်း ထပ်မံသိမ်းယူခဲ့တဲ့ မြေယာတွေအတွက် လျော်ကြေး အဖြစ် တစ်ဧက (၅) သိန်းနှုန်း ပေးခဲ့ပါတယ်။

မြေယာများ အတင်းအဓမ္မ သိမ်းယူချိန်က တောင်သူတွေ စိုက်ပျိုးထားတဲ့ ပြောင်း၊ စပါးတွေကိုလည်း ရိတ်သိမ်းချိန်မပေးဘဲ ထွန်စက်နဲ့ လာရောက် ထွန်ယက်ခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးကလည်း ခုလို ပြောပါတယ်။

“ခြံပိုင်ရှင်တွေက စောင့်ပေးပါအုံး၊ စပါးပြီးအောင် ယူချင်တယ်ပြောတာ၊ အဲ့လိုပြောလို့တောင်မရဘူး၊ စပါးခင်းတွေကို တစ်ခါထဲ စက်နဲ့ ဖျက်စီးပစ်တာတွေ ရှိခဲ့ဖူးတယ်။ သိမ်းတာဆိုရင် ခြံပဲမဟုတ်ဘူး ကျမတို့ ရွာဆိုရင် သုဿာန်လည်းပါတယ်၊ ရွာတစ်ဝက်လောက် ပါသွားတယ်။ အိမ် တစ်အိမ်ကို နစ်နာကြေး (၁)သိန်းပဲ ပေးတယ်” လို့ နောင်ကော်ကျေးရွာမှ အသက် (၄၅)နှစ်အရွယ် နန်းခင်ဌေး က ပြောပြပါတယ်။

ထို စက်ရုံကနေ စွန့်ထုတ်မယ့် အညစ်အကြေးတွေကို ပိုက်ခေါင်းကြီးတွေနဲ့ သွယ်တန်းပြီး စက်ရုံရဲ့ အရှေ့ဘက်မှာရှိတဲ့ နမ့်တဘက်ချောင်းထဲကို စွန့်ပစ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီ နမ့်တဘက်ချောင်းဟာ ဒေသခံတောင်သူများ စိုက်ပျိုးရေးအတွက် အဓိက အသုံးပြုနေကြတာဖြစ်တဲ့ အပြင် သောက်သုံးရေအဖြစ်လည်း အသုံးပြုနေတာရှိကြောင်း သိရပါတယ်။

တောင်သူတွေရဲ့ စိုးရိမ်မှု

စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးခဲ့ရသလို ဒေသခံတွေရဲ့ အားကိုးအားထားနေတဲ့ ချောင်းရေ ပြဿနာကလည်း ရှိလာနိုင်တဲ့အတွက် ဒေသခံတွေကတော့ တွေးပူနေကြပါတယ်။

“တကယ်လို့ စက်ရုံလည်ပတ်ရင် အညစ်ကျေးတွေက ချောင်းထဲစီးဝင်မယ်၊ အဲ့ဒီချောင်းက စိုက်ပျိုးရေးအတွက် အဓိက သုံးနေတာ၊ ပြီးတော့ စက်ရုံကနေ ရေတွေ စုပ်ယူနေတာတွေ ရှိတယ် ဆိုတော့ စိုက်ပျိုးရေးအတွက် ရေ အလုံအလောက် မရရှိတော့မှာကို စိုးရိမ်တယ်” လို့ ခွန်ကျော်ဦး က ပြောပါတယ်။

အမှတ် (၂) ပင်းပက်သံမဏိ စက်ရုံဟာ လုပ်ငန်းမလည်ပတ်သေးသော်လည်း စီမံကိန်းကြောင့် သစ်တောပြုန်းတီးခြင်း၊ စားကျက်မြေတွေ ရှားပါးခြင်း၊ တောင်သူတွေရဲ့ စိုက်ပျိုးမြေအပါအဝင် ရွာသင်္ချိုင်းမြေ သိမ်းဆည်းခံရခြင်း၊ တောနေသတ္တဝါတွေ မျိုးသုဉ်းခြင်း၊ ရေဝေရေလဲ ဧရိယာ ပျက်စီးခြင်း စတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်နေပါတယ်။

ဒါ့အပြင် စွန့်ပစ်ပစ္စည်းတွေရဲ့ အနံ့ဆိုးတွေကြောင့် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုများရဲ့ ကျန်းမာရေးကိုလည်း ဆိုးရွားစွာ ထိခိုက်လာနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“စက်ရုံပြန်လည်ပတ်ရင် အဲ့ဒီကထွက်တဲ့ အညစ်အကြေးတွေ ချောင်းထဲကို ရောက်လာမယ်၊ သောက်သုံးရေတွေလည်း ညစ်ညမ်းမှုတွေ ရှိလာမယ်၊ ငါးတွေ သေမယ်၊ အဲ့လိုတွေ ဖြစ်လာမှာကို စိုးရိမ်တယ်” လို့ ခွန်ကျော်ဦးက ဆက်ပြောပါတယ်။

လယ်ယာမြေ သိမ်းယူခံရခြင်းတွေကြောင့် ဒေသခံတွေရဲ့ စီးပွားရေးကို ထိခိုက်စေပြီး အလုပ်အကိုင်ရှားပါးကာ ကျပန်းလုပ်ကိုင်စားသောက်နေရသူများ၊ နိုင်ငံရပ်ခြားသို့ ထွက်ခွာသွားရသူများလည်း ရှိပါတယ်။ ။

“အဲ့ချိန်က မြေယာတွေ အတင်းအဓမ္မ သိမ်းယူခံရလို့ စိုက်ပျိုးဖို့ မရှိတော့ဘူး၊ ကျောင်းနေအရွယ် ကလေးတွေလည်း ကျောင်းထွက်ကုန်တယ်၊ မိဘကို ရှာကျွေးရတာ၊ နိုင်ငံခြားထွက်သွားတာလဲ ရှိတယ်” လို့ နန်းခင်ဌေးက ပြောပါတယ်။

စီမံကိန်း အတွက် ရထားလမ်းဖောက်ရန်စီစဉ်နေ

စစ်ကောင်စီက လာမယ့် ၂၀၂၃ ခုနှစ်အတွင်း စက်ရုံလည်ပတ်နိုင်ဖို့ ထပ်မံကြိုးစားလာမှုနဲ့အတူ ထိုစက်ရုံအတွက် ကုန်ကြမ်းများ သယ်ယူဖို့ကိုလည်း ရထားလမ်းသစ် ဖောက်လုပ်ဖို့ စီစဉ်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက တောင်ကြီးမြို့ရဲ့ တောင်ဘက်ရှိ ကျေးရွာနဲ့ တောင်ယာများထဲမှာ မီးရထားလမ်း ထပ်မံဖောက်လုပ်ရန် တာဝန်ရှိသူတွေ ကွင်းဆင်းတိုင်းတာမှုများလည်း ရှိခဲ့ကြောင်း ဒေသခံတွေက ဆိုပါတယ်။

ပင်းပက်သံမဏိစက်ရုံမှ ထွက်ရှိတဲ့ သံတွေကို မြင်းခြံမြို့ရှိ အမှတ်(၁) သံမဏိစက်ရုံသို့ ပို့ဆောင်သွားရန် ရထားလမ်းဖောက်လုပ်ဖို့ စီစဉ်နေခြင်း ဖြစ်နိုင်ကြောင်း ပအိုဝ်းတိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက သုံးသပ်ပါတယ်။

“လောလောဆယ် ကြားထားတာက ရထားလမ်းပေါ့၊ သေခြာလား မသေခြာလားတော့ မပြောနိုင်ဘူး၊ မြေလာတိုင်းတုန်းက ခြံတွေ၊ ရွာတွေ ပါသွားတာ ရှိတယ်၊ ရထားနဲ့ သယ်ရင် ကုန်ကျစရိတ်က ပိုပြီးသက်သာမယ်လို့ ပြောကြတယ်၊ မင်းအောင်လှိုင်လည်း လာကြည့်တာ မကြာသေးဘူး၊ တောင်ကြီး မြို့ရှောင်လမ်းနဲ့ နီးတယ်” လို့ ပအိုဝ်းတိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူ ပအိုဝ်းလူငယ် အမျိုးသား တစ်ဦးက ပြောပါတယ်။

စက်ရုံကို သတ်မှတ်ရက်အတွင်း စတင်လည်ပတ်ပြီး သံမဏိထုတ်လုပ်မှုကို အမြန်ဆုံး ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မှာဖြစ်ကြောင်း၊ ထွက်ရှိလာတဲ့ သံရိုင်းနဲ့ သံမဏိတို့ကို သယ်ယူဖို့အတွက်လည်း လျှပ်စစ်ရထားပြေးဆွဲနိုင်အောင် ရထားလမ်းများ တည်ဆောက်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားခဲ့သေးကြောင်း သိရပါတယ်။

၂၀၀၄ ခုနှစ်မှာ စတင်ခဲ့တဲ့ ပင်းပက် သံမဏိစက်ရုံနဲ့ သံရိုင်း သတ္တုတူးဖော်ရေးစီမံကိန်းဟာ အသုံးပြုမြေ ဧရိယာ (၅၁၄၄ ဒသမ ၉၆ ဧက) ရှိပြီး ထိုမြေဧရိယာအတွက် နစ်နာကြေး တစ်ဧကကို ကျပ်(၅)ထောင် ပေးခဲ့တာဖြစ်ပါတယ်။

ကမ္ဘောဇဘိလပ်မြေ စက်ရုံကိုတော့ ၂၀၀၆ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး အသုံးပြုမြေဧရိယာ (၇၂၈ ဒသမ ၃၁ ဧက) ရှိကာ နစ်နာကြေး တစ်ဧက ကျပ်တစ်သိန်း ပေးခဲ့ကြောင်း သိရပါတယ်။ ထို ဘိလပ်မြေစက်ရုံဟာ ယနေ့အချိန်ထိ လည်ပတ်နေဆဲဖြစ်ပါတယ်။

ဒါ့အပြင် ငွေကမ္ဘာကျော်ခနောက်စိမ်းစက်ရုံကို ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး အသုံးပြုမြေ (ဧက ၅၀) ကို ဒေသခံများထံမှ ဝယ်ယူခဲ့တယ်လို့ဆိုပါတယ်။ ထိုစက်ရုံမှထွက်တဲ့ အနံ့အသက်ဆိုးများကြောင့် ဒေသခံများ ဝိုင်းဝန်းကန့်ကွက်မှုများလည်း ရှိခဲ့ပါတယ်။

အဲ့ဒီ ခနောက်စိမ်းစက်ရုံ ရပ်နားထားတာဟာ တစ်နှစ်ကျော် ရှိနေပြီဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။

အဆိုပါ စီမံကိန်းတွေကြောင့် ၎င်းဒေသမှာနေထိုင်တဲ့ ပအိုဝ်းတိုင်းရင်းသားများနှင့် သဘာဝပတ်ဝန်းကျင်ကို ပြင်းထန်တဲ့ ဆိုးကျိုးများ ဖြစ်စေကြောင်း၊ ကျေးရွာပေါင်း ၂၅ ရွာမှ လူဦးရေ ၇၀၀၀ ကျော်ဟာ ၎င်းတို့နေအိမ်များနှင့် လယ်ယာများကို ထာဝရ ဆုံးရှုံးရမှာဖြစ်ကြောင်း ဒေသခံ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ၎င်းတို့ရဲ့ ၂၀၀၉ ခုနှစ် အစီရင်ခံစာဖြစ်တဲ့ “အနာဂတ်ကို လုယူခြင်း” အမည်ရှိ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ပင်းပက်တောင်အရှေ့ဖက်ရှိ ဟိုပေါင်တောင်ကြားမှ သဘက်မြစ်ရေကို မှီခိုသုံးစွဲနေကြတဲ့ နောက်ထပ်လူဦးရေပေါင်း (၃၅၀၀၀) ကျော်ကိုလည်း ထိခိုက်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဒေသခံတွေကို အကျိုးမပြုတဲ့ ပင်းပက် သံမဏိစက်ရုံစီမံကိန်း လည်ပတ်နိုင်ရေး အတွက် စစ်ကောင်စီက ကြိုးပမ်းလာမှုကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

“ကျနော်တို့ ဒေသခံတွေက စက်ရုံ မလည်ပတ်ဖို့သာ ဆုတောင်းရမှာပေါ့၊ တကယ်လို့ စက်ရုံလည်ပတ်ခဲ့မယ်ဆိုရင်လည်း ကျနော်တို့ ဒေသခံတွေအတွက်က ဘာတစ်ခုမှ ကောင်းကျိုးမရှိဘူး၊ အနာဂတ်တွေ ပျောက်သွားမှာ စိုးရိမ်တယ်” ဆိုပြီး ခွန်သောင်းက ဖွင့်ဟပြောဆိုထားပါတယ်။

Leave a Comments