Friday, April 26, 2024

ဟဲဟိုးမြို့ ပရဟိတအဖွဲ့ဝင် (၁၀)ဦး ဖမ်းဆီးခံရ၊ ယနေ့ထိမလွှတ်သေး

Must read

သျှမ်းပြည်တောင်ပိုင်း ဟဲဟိုးမြို့ “စုပေါင်းအင်အား” ပရဟိတ အဖွဲ့ဝင် (၁၀)ဦးကို စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ထို ပရဟိတအဖွဲ့ဝင် (၁၀)ဦးကို နိုဝင်ဘာလ (၂)ရက်နေ့ ညသန်းခေါင်ယံ ၁၂ နာရီ ဝန်းကျင်တွင် စစ်ကောင်စီအုပ်စုမှ အကြောင်းပြချက်မဲ့ ဖမ်းဆီးခဲ့ပြီး ထိုဖမ်းဆီးခံရသည့်သူများထဲတွင် အမျိုးသား (၉)ဦးနှင့် အမျိုးသမီး တစ်ဦး ပါဝင်ကြောင်း သိရသည်။

“စစ်ဆေးဖို့ရှိတယ် ဆိုပြီးတော့ ည အချိန်ကြီး လာခေါ်သွားတယ်။ (၁၀)ယောက်လောက်ဖမ်းသွားတယ်။ အမျိုးသမီးတစ်ဦး ပါတယ်။ သူတို့က ကိုဗစ် ၁၉ ကူးစက်နေတဲ့သူတွေကို ကူညီပေးနေတာ။ ပရဟိတအလုပ်တွေဘဲ လုပ်တယ်” ဟု ဖမ်းဆီးခံရသူ၏ မိသားစုဝင် တစ်ဦးက ပြောသည်။

“စုပေါင်းအင်အား” ပရဟိတအဖွဲ့သည် ဟဲဟိုးမြို့ရှိ ကိုဗစ် -၁၉ ပိုးကူးစက်လူနာများအတွက် အောက်စီဂျင် လိုက်ရှာကူညီပေးနေသည့် အဖွဲ့ဖြစ်ပြီး၊ ထိုပရဟိတ အဖွဲ့ဝင်များကို အကြောင်းမဲ့ဖမ်းဆီးနေသည့်အတွက် လက်ရှိမှာ ကိုဗစ်-၁၉ ကူးစက်သူများကို ကူညီပေးမည့်သူမရှိတော့ကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။

“သူတို့က အောက်စီဂျင်လိုအပ်နေတဲ့သူတွေကို ကူညီပေးနေတာ။ နိုင်ငံရေးနဲ့ပတ်သက်တာတွေလည်း မလုပ်ဘူး။ သူတို့ကိုဖမ်းသွားတော့ ဒီမြို့ရဲ့ ပရဟိတတွေက လျော့ကျသွားမယ်။ အောက်စီဂျင် ကူညီပေးတဲ့သူတွေ မရှိတော့ဘူး။ ဖြစ်နိုင်ရင် အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်” ဟု ဟဲဟိုးမြို့ ဒေသခံ တစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသည့် ပရဟိတအဖွဲ့ဝင် (၁၀)ဦးတို့သည် လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် အဆက်သွယ် မရရှိသေးကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article