Saturday, April 20, 2024

ကိုဗစ်ရိုက်ခတ်မှုကြားက မွေးဖွားလာတဲ့ (၁၀)နှစ်သား ပရဟိတ မျိုးဆက်သစ်

Must read

“ကျွန်နော့ရဲ့ ခံစားချက်ကတော့ ဂုဏ်ယူတာပေါ့၊ ကျနော်ရော မိသားစုဝင်တွေကရော မျက်ရည်ကို လည်တာပေါ့ဗျာ၊ ဝမ်းသာဂုဏ်ယူတာပေါ့” ဆိုပြီး ဦးတင်မောင်ထွန်း က ဝမ်းသာပီတိဖြစ်နေတဲ့ လေသံဖြင့် ပြောပြပါတယ်။

ဦးတင်မောင်ထွန်းနဲ့ ဒေါ်နီနီခိုင် တို့မှာ သားသမီး (၅)ယောက် ရှိပြီး မိသားစုဝင် (၄)ဦးက ပရဟိတအလုပ်ကို ပါဝင်ဆောင်ရွက်နေကြသူတွေ ဖြစ်ပါတယ်။

ထို (၄)ဦးထဲမှာ အသက်(၁၀)နှစ် အရွယ်သာ ရှိသေးတဲ့ အငယ်ဆုံး သားကလည်း ပရဟိတအလုပ်ကို စိတ်ဝင်တစား လိုက်ပါလုပ်နေသူဖြစ်တယ်လို့ သိရပါတယ်။

“ကြီးလာရင် သားသူငယ်ချင်းတွေနဲ့ ဒီ ပရဟိတအလုပ်ပဲ လုပ်မှာဗျ၊ ခု သားအသက်က (၁၀)နှစ် ရှိပြီဗျ” ဆိုပြီး ကောင်လေးတစ်ယောက်က တက်တက်ကြွကြွနဲ့ ပြောပြပါတယ်။

သူဟာ ၂၀၂၀ ခုနှစ် ကိုဗစ်ပထမလှိုင်းစဖြစ်ကတည်းက ဖခင်ဖြစ်သူနဲ့လိုက်ပြီး ပရဟိတအလုပ်မှာ ပါဝင်ကူညီပေးနေသူဖြစ်ပါတယ်။ ယခု ၂၀၂၁ ခုနှစ် ကိုဗစ် တတိယလှိုင်းအတွင်းမှာတော့ ပရဟိတအဖွဲ့တွေကြား သိသိသာသာပါဝင်လာတာကို တွေ့ရပါတယ်။ သူ့နာမည်က မောင်ပြည့်စုံထွန်း ပါ။

သူဟာ လူနာပို့လမ်းကြောင်းတွေမှာ လိုက်ပါလေ့ရှိပြီး ကိုဗစ်စင်တာကို ရောက်လာတဲ့ လူနာတွေအတွက် အစားအသောက်နဲ့ ရေသန့်ဗူး ပို့ပေးတာတွေအပြင် ရုံးသန့်ရှင်းရေးတွေလည်း လုပ်နေတဲ့သူ ဖြစ်ပါတယ်။ ရံဖန်ရံခါတော့ ပိုးသတ်ဆေးပုံးလွယ်ပြီး ဆေးဖြန်းတာတွေလည်း ဝိုင်းကူလုပ်ကိုင်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြား အစိုးရဝန်ထမ်းများနည်းတူ ကျန်းမာရေးဝန်ထမ်းအများစု CDM လုပ်သွားချိန်မှာ ကိုဗစ်ကူးစက်မှုဟာလည်း တဖန် ပြန်လည်မြင့်တက်လာခဲ့ပါတယ်။

ဒီလိုကာလမှာ တစ်ဖက်တစ်လမ်းကနေ အားဖြည့်ပြီး နေ့ညမရွေး ကူညီဆောင်ရွက်ပေးနေတဲ့ သူတွေကတော့ ဒေသခံ ပရဟိတသမားတွေပဲ ဖြစ်ပါတယ်။

ကျောက်မဲမြို့နယ်မှာ လူမှုရေးပရဟိတ အဖွဲ့တွေ (၆)ဖွဲ့ဝန်းကျင် ရှိနေပြီး အဲဒီပရဟိတအဖွဲ့ဝင်တွေထဲမှာ မောင်ပြည့်စုံထွန်းတို့ မိသားစုလည်း အပါအဝင်ဖြစ်ပါတယ်။

“သူ့ကို ခိုင်းတာလည်း မဟုတ်ဘူး၊ ကျွန်တော်လုပ်နေတာတွေ မြင်ပြီး သူလည်း လိုက်လုပ်တာ၊ အဲလိုနဲ့ ဝါသနာပါပြီး ခုထိ လုပ်နေတော့တာပဲ” ဆိုပြီး ဖခင်ဖြစ်သူက ပြောပြပါတယ်။

မောင်ပြည့်စုံထွန်းရဲ့ ဖခင် ဦးတင်မောင်ထွန်းဟာလည်း လွန်ခဲ့သည့် (၈)နှစ်ဝန်းကျင်ကတည်းက နောင်ပိန်ကျေးရွာအုပ်စုအတွင်း ပရဟိတလုပ်ငန်းများကို ပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နောင်ပိန် ကမ်းလင့်လက်များလူမှုကူညီရေးအသင်းကို စတင်ဖွဲ့စည်းစဥ်ကတည်းက ပါဝင်ခဲ့သူဖြစ်ကြောင်း အဖွဲ့ဝင် တစ်ဦးက ခုလို ပြောပြပါတယ်။

“သူ့အဖေကတော့ အသင်း စကတည်းက ပါလာတာ၊ ၈ နှစ်ဝန်းကျင်ရှိပြီ၊ သာရေး၊ နာရေး၊ ကယ်ဆယ်ရေး၊ စစ်ရှောင်ကူညီရေး အကုန်လုပ်တယ်၊ ကိုဗစ်မဖြစ်ခင် ကတည်းက အတူလုပ်လာတာ” ဆိုပြီး ပြောပြပါတယ်။

အဲ့ဒီ ပရဟိတအသင်းမှာ (၁၀)နှစ်အရွယ် မောင်ပြည့်စုံထွန်းနဲ့ သူ့ရဲ့ဖခင်အပြင် မိခင်ဖြစ်သူနဲ့ အစ်မလည်း ပူးပေါင်းပါဝင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မောင်ပြည့်စုံထွန်းရဲ့ မိခင် ဒေါ်နီနီခိုင်ဟာ ကိုဗစ်ကာလတစ်လျှောက် နောင်ပိန်ကျေးရွာအုပ်စုအတွင်း ကိုဗစ်စင်တာမှာရှိနေတဲ့ လူနာတွေအတွက် အစားအသောက်တွေကို အဓိက ဒိုင်ခံ ချက်ပေးတဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ အစ်မဖြစ်သူကတော့ အသင်း စာရင်းဇယားနဲ့ အစားအသောက် ပို့တာတွေကို ကူညီပေးနေသူပါ။

“အန္တရာယ်ရှိတယ် သားရေ ဆိုပြီး ပြောလည်း သူက ရတယ် အမေ၊ လုပ်မယ်လို့ ပြောပြီး လူနာပို့ ဆိုရင်လည်း လိုက်သွားတာပဲ၊ ဒီနေ့တောင် ပြင်ဦးလွင် လူနာပို့ လိုက်သွားတယ်။ ကာကွယ်ရေးပစ္စည်းကတော့ အပြည့်အစုံပေါ့၊ အမေ လက်အိတ်ပေး၊ အမေလည်း လက်ဆေး ဘာညာပြေားသေးတယ်” ဆိုပြီး ဒေါ်နီနီခိုင်က သားဖြစ်သူရဲ့ ပရဟိတအလုပ်အပေါ် စိတ်ပါဝင်စားနေမှုကို ရှင်းပြပါတယ်။

ဒေါ်နီနီခိုင်ဟာ မိသားစုစားဝတ်နေရေးအတွက် ခေါက်ဆွဲဆိုင်သေး ဖွင့်ထားသူဖြစ်ပြီး အားလပ်ချိန်မှာ ပရဟိတအလုပ်ကို ကူညီနေတာဖြစ်တယ်လို့ ဆိုပါတယ်။

၄င်းတို့ရဲ့ သားဖြစ်သူ မောင်ပြည့်စုံထွန်း တစ်ယောက် အသက်အရွယ်အားဖြင့် (၁၀)နှစ်သာ ရှိသေးတဲ့အတွက် အန္တရာယ်များတဲ့ ကိုဗစ်ကာလ ကပ်ရောဂါကြား သွားလာခွင့် ပြုထားတာနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူက ခုလို ပြောပါတယ်။

“ကလေးအတွက် အန္တရာယ်ရှိတယ်ဆိုပြီး ပြောပြတာတွေ ရှိတယ်။ ဒါပေမယ့် သူက ဝါသနာပါနေတာဆိုတော့ အေး − သားရေ လိုက်ချင်လည်း လိုက်သွား၊ သတိတော့ထား၊ ဒီလို မလုပ်နဲ့၊ ဟိုလို မလုပ်နဲ့ ဆိုပြီး မှာကြားရတွေတော့ ရှိတာပေါ့၊ ပရဟိတကို မလုပ်နဲ့လို့တော့ မတားဘူး” ဟု မိခင်ဖြစ်သူက ပြောပြပါတယ်။

သူတို့ရဲ့ သားငယ်အတွက် ခုလို ကာလဟာ အန္တရာယ်တွေ များနေတယ် ဆိုပေမယ့် ကလေးရဲ့ ဝါသနာကိုလည်း မတားရက်လို့ လုပ်ခွင့်ပေးထားရတယ်၊ သို့ပေမယ့် ကိုဗစ် အတည်ပြု လူနာတွေနဲ့ အနီးကပ်ဆုံး ဖြစ်တဲ့နေရာတွေကိုတော့ ပေးမသွားပဲ ဟန့်တားရတာတွေ ရှိတယ် ဆိုပြီး ဦးတင်မောင်ထွန်းက ခုလို ရှင်းပြပါတယ်။

“ခုက သူ့ဝါသနာအရ၊ သူ့ဆန္ဒအရကို လိုက်လုပ်နေတာ၊ ဒါပေမယ့် သူနိုင်တဲ့ အပိုင်းတွေကိုပဲ ပေးလုပ်တာပါ၊ Postive ထွက်တဲ့နေရာတွေ သွားရမယ်ဆိုရင်တော့ သိပ်မလွှတ်ဘူး၊ တစ်ချို့နေရာတွေက စိုးရိမ်ရတယ်လေ” ဆိုပြီး ပြောပြပါတယ်။

ဝါသနာကြောင့် ပရဟိတတွေကို လိုက်ပါလုပ်ဆောင်နေတဲ့ သူဖြစ်ပေမယ့် တရက်မှာ မောင်ပြည့်စုံထွန်း လိုက်ပို့တဲ့ လူနာ ကိုဗစ်-၁၉ ပိုးတွေ့တဲ့အတွက် ပထမဆုံး အထိတ်တလန့် ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကိုလည်း မိခင်ဖြစ်သူက အခုလို ပြန်ပြောပြပါတယ်။

“အဲ့နေ့က ဗိုက်နာတဲ့ လူနာတစ်ယောက်ကို ကျောက်မဲဆေးရုံကို သွားပို့တာ၊ ဆေးရုံလည်း ရောက်ရော လူနာကို စစ်လိုက်တော့ ကိုဗစ်ပိုးတွေ့တာလေ၊ အဲ့တော့ သူက အရမ်းကို ကြောက်သွားတော့တာ၊ ချက်ချင်း ဖုန်းဆက်လာပြီး အမေရေ သားတို့ သယ်လာတဲ့သူက ကိုဗစ်ဖြစ်နေတာတဲ့၊ သား အရမ်းကြောက်တယ် အမေရေ ဆိုပြီး ပြောလာတာ။ ကျမလည်း စိတ်ထဲမှာတော့ လန့်သွားတာပေါ့၊ သား အဲ့လိုဖြစ်တာ အဲ့တစ်ကြိမ် ပထမဆုံးပဲ၊ သူ အဲ့လို ကြောက်သွားတာ၊ လန့်တာတွေ တစ်ခါမှ မဖြစ်ဖူးဘူး” ဆိုပြီး ဒေါ်နီနီခိုင်က ပြန်ပြောပြပါတယ်။

အခုလို မထင်မှတ်ပဲ ကိုဗစ်လူနာနဲ့ ပထမဆုံး ကြုံဖူးတဲ့ အဖြစ်အပျက်က သူ့ကိုထိတ်လန့်စေခဲ့ပြီး ပရဟိတလိုက်လုပ်နေတာကို ခေတ္တခဏ ရပ်နားလိုက်ရတဲ့အထိ ဖြစ်စေခဲ့ပါတယ်။

သို့ပေမယ့် သိပ်မကြာခင်မှာပဲ အရင်ကလို ပရဟိတအလုပ်တွေကို ပြန်ပြီး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

“အဲ့ချိန်က သူ အရမ်းကြောက်သွားပြီး ခဏ နားလိုက်သေးတယ်၊ သူက ကိုဗစ်လူနာနဲ့ အနီးကပ် ကြုံလိုက်ရတာဆိုတော့ အရမ်းလန့်သွားတာလေ၊ နောက် မလိုက်ရဲတော့ဘူးလို့ ထင်တာ၊ အဲ့လို နားပြီး မကြာဘူး သူ ပြန်လိုက်လုပ်တယ်၊ အမေရေ သား ပြန်လိုက်မယ်နော် ဆိုပြီး ပြောလာတယ်” လို့ မိခင်ဖြစ်သူက ဆိုပါတယ်။

မောင်ပြည့်စုံထွန်း အနေနဲ့ ကိုဗစ်ကာလအတွင်း နောင်ပိန် ကမ်းလင့်လက်များ လူမှုကူညီရေး ပရဟိတ အသင်းနဲ့အတူ မြို့ပေါ်ရပ်ကွက်နဲ့ အခြား ကျေးရွာများအထိ သွားရောက်ပြီး ပါဝင်ကူညီဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

အခုလို (၁၀)နှစ်သား ကလေးငယ်တစ်ယောက် ပရဟိတအသင်းမှာ လိုက်ပါပြီး ဆောင်ရွက်နေတာကို အသင်းအနေနဲ့လည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း အဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။

မောင်ပြည့်စုံထွန်းဟာ ကိုဗစ်စင်တာတွေကို အစားအသောက်ပို့တာ၊ ရေသန့် ပို့တာတွေ အများဆုံး လုပ်ဆောင်နေရတာဖြစ်ပြီး ပိုးသတ်ဆေးဖြန်းခြင်းနဲ့ ပစ္စည်းသယ်ကူတာတွေလည်း တတ်နိုင်သလောက် ပါဝင် လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။

ဒါပေမယ့် သူ့အတွက် လုံခြုံစိတ်ချရမှု မဖြစ်တဲ့ နေရာဆိုရင်တော့ ပေးမသွားဘူး ဆိုပြီး ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။

“သိပ်ပြီး မလိုအပ်တဲ့နေရာဆိုရင် ပေးမလုပ်ဘူး၊ သူက အရမ်းငယ်သေးတော့ စိုးရိမ်ရတယ်လေ၊ ဆေးဖြန်းမယ်ဆိုရင်လည်း လူကြီးတွေက ဆေးရည်ပုံး အပြည့်ပေါ့၊ သူကတော့ နိုင်သလောက်ထည့်ပေးပြီး လက်တွဲခေါ်တာပေါ့၊ ပင်ပန်းလို့ ငြီးတယ်ဆိုတာလည်း မရှိဘူး၊ သူ့ဟာသူ ပျော်နေတာပဲ၊ ဂရုတော့စိုက်ရတာပေါ့” ဆိုပြီး အထက်ပါ အဖွဲ့ဝင် က ပြောပြပါတယ်။

အခုလို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ပရဟိတစိတ်ရှိပြီး တက်တက်ကြွကြွ လိုက်ပါလုပ်ဆောင်နေတဲ့အတွက် မိသားစုဝင်တွေအတွက်ကတော့ ဂုဏ်ယူစရာ ဖြစ်နေသလို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

“သားက မနက် (၇)နာရီထတယ်၊ ရေဗူးသယ်ပေးတယ်၊ မိုင်းတင်းသွားတုန်းက သား ဆေးလိုက်ဖြန်းသေးတယ်၊ လက်အိတ် ဝတ်တယ်၊ Mask လည်း သေခြာတပ်တယ်လေ၊ နည်းနည်းတော့ ပင်ပန်းတယ်၊ ကိုဗစ်ကို မကြောက်ဘူး” ဆိုပြီး စိတ်အားထက်သန်စွာဖြင့် တရပ်စပ်ကို ပြောပြပါတယ်။

မောင်ပြည့်စုံထွန်းတစ်ယောက် ပရဟိတလုပ်ငန်းအပေါ် စိတ်အားထက်သန်မှုကို အထင်းသား ကြားသိနေရတာပါ။

ဒါပေမယ့် ကလေးငယ်ရဲ့ အနာဂတ် ပညာရေး၊ ဘဝရှေ့ရေးအတွက် စာပေပညာ လေ့လာဖို့ကိုတော့ ကြိုးစားပြီး အားပေးနေရတယ်လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။

“သားရဲ့ အနာဂတ်နဲ့ ပတ်သက်ရင်တော့ ခုချိန်က ဘာမှကို မျှော်လင့်လို့မရသေးဘူးလေ၊ နိုင်ငံရေးအခြေအနေအရရောပေါ့၊ ကျနော်က အရင်ကတည်းက ကုန်ထမ်းစားတယ်၊ ပရဟိတတွဲလုပ်တာဆိုတော့ သူ့အတွက် သီးသန့် ပညာသင်ပေးတာတော့ မလုပ်ပေးနိုင်ဘူး၊ ဒါပေမဲ့ သူ့ ပညာရေးနဲ့ ပတ်သက်ရင်တော့ အမြဲတမ်းအားပေးဖြစ်တယ်” ဆိုပြီး ဦးတင်မောင်ထွန်းက ပြောပြပါတယ်။

မိခင်ဖြစ်သူ ဒေါ်နီနီခိုင် မှာလည်း သားငယ်နဲ့ ပတ်သက်ပြီး အမြဲတမ်း ကျေးနပ်ပီတိ ဖြစ်နေရတယ်လို့ ဆိုပြန်ပါတယ်။ သားဖြစ်သူ ဝါသနာပါတဲ့ အတိုင်း ရှေ့ဆက်ပြီး အားပေးသွားမယ်လို့လည်း သိရပါတယ်။

“သူက ဝါသနာ ပါနေတော့ သူ့ဟာသူ လေ့လာတာရှိတယ်၊ သတိထားတာပေါ့၊ နောက် အမေ အစ်မ ကိုလည်း စိတ်ပူတတ်သေးတယ်၊ ကျမ အနေနဲ့တော့ သူ ဝါသနာ ပါတဲ့ အတိုင်း အားပေးသွားမှာပါ” ဆိုပြီး ပြောပြပါတယ်။

မောင်ပြည့်စုံထွန်းတို့ မိသားစုဟာ ကျောက်မဲမြို့နဲ့ (၁၇)မိုင်ခန့်ဝေးတဲ့ နောင်ပိန်ကျေးရွာအုပ်စုမှာ နေထိုင်တာဖြစ်ပြီး ယနေ့အချိန်ထိလည်း ပရဟိတအလုပ်တွေမှာ ပူးပေါင်းပါဝင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဆိုပါ (၁၀)နှစ်သား ကလေးကို ရှေ့ဆက်ပြီး ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း ကမ်းလင့်လက်များ လူမှုကူညီရေး အသင်းမှ အသင်းဝင် တစ်ဦးကလည်း ပြောပြပါတယ်။

“လက်ရှိတော့ သူ ဝါသနာပါတဲ့ အပိုင်းကို နောက်ကနေ ဆက်ပြီး ပံ့ပိုးပေးသွားမှာပါ၊ ဒီက အသင်းဖော်တွေနဲ့လည်း ပူးပေါင်းပြီး ကြိုးစားပံ့ပိုးသွားမယ်။ ဘာကြောင့်လဲ ဆိုရင် သူက ပရဟိတ မျိုးဆက်သစ်ပဲလေ၊ ဂရုတော့ စိုက်ရတာပေါ့” ဆိုပြီး ပြောပါတယ်။

ဒါပေမယ့် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စုနဲ့ အနီးကျေးရွာတွေမှာ ကိုဗစ်ကူးစက်မှု အလွန်မြင့်တက်ခဲ့တဲ့ အောက်တိုဘာလအစောပိုင်းမှာတော့ သားဖြစ်သူကို နေအိမ်မှာသာ နေထိုင်စေခဲ့တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

“အဲ့တုန်းက ပိုးကူးတာ အရမ်းများတယ်လေ၊ ပြီးတော့ သားက လက်နည်းနည်းနာနေတာ၊ သူ့ကို အိမ်မှာပဲ နေခိုင်းလိုက်တယ်၊ သူက လက်နာတာပျောက်ရင် လိုက်သွားမယ် လို့ကို ပြောနေသေးတာ” ဆိုပြီး ဒေါ်နီနီခိုင်က ပြောပြပါတယ်။

အဲ့ဒီအချိန်က နောင်ပိန်ကျေးရွာအုပ်စုအနီးမှာရှိတဲ့ ပုံဝိုးကျေးရွာအုပ်စုမှာ ကိုဗစ်ကူးစက်သူ (၁၆၀)ကျော်နဲ့ တောင်ခြေ ကျေးရွာမှာ ကိုဗစ်ကူးစက်သူ (၅၀)ကျော် ဆိုပြီး အစုလိုက် အပြုံလိုက် တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

လတ်တလော ကျောက်မဲ မြို့နယ်မှာ ကိုဗစ်ကူးစက်မှု ဆက်လက်တိုးနေဆဲဖြစ်ပြီး ပရဟိတအသင်းအဖွဲ့တွေအနေနဲ့လည်း အားသွန်ခွန်စိုက် ကူညီလုပ်ဆောင်နေရဆဲ ကာလ ဖြစ်ပါတယ်။

အခုလို အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ ကိုဗစ် ကပ်ရောဂါကြား (၁၀)နှစ်အရွယ် မောင်ပြည့်စုံထွန်းအပေါ် ထားရှိတဲ့ မိဘဖြစ်သူရဲ့ ခံယူချက်၊ ဆုံးဖြတ်ချက်ကတော့ “ဘယ်လောက်ထိ ဆုံးဖြတ်ထားလည်းဆိုရင် ဒီလိုကာလကြီးမှာ ကလေးက သူ့ဝါသနာအရ လုပ်နေတဲ့နေရာမှာ ဒီလိုရောဂါနဲ့ တစ်ခုခု ဖြစ်သွားတယ်ဆိုရင်တောင် လုံးဝ ဝမ်းမနည်းဘူး၊ ဒါက ကျွန်နော်တို့ မိသားစုဝင်တွေရဲ့ ဆုံးဖြတ်ချက်ပေါ့” ဆိုပြီး ဖခင်ဖြစ်သူ ဦးတင်မောင်ထွန်းက ဆိုပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article