Thursday, May 2, 2024

ကိုဗစ် -၁၉ မြင့်တက်နေသည့် ပင်လောင်းမြို့ ဈေးနေ့တွင် လူစည်ကားလျက်ရှိ

Must read

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် ယနေ့ (အောက်တိုဘာ ၁၈ ရက်) ဈေးနေ့တွင် လူများစည်ကားနေကြောင်း စုံစမ်းသိရသည်။

“ အရမ်းများတယ်။ တိုးပြီးတောင်ဝင်ရတယ်။ ဒီနေ့ဈေးနေ့ဆိုတော့ ပိုများတယ်။ အထဲမှာဆိုပိုများတယ်။ တချို့က Mask မတပ်တဲ့သူတွေလည်း ပါတယ်” ဟု ပင်လောင်းမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သို့သော် ယနေ့ဈေးနေ့တွင် Mask မတပ်သူများကို ဈေးတွင်း ဝယ်ခွင့်မပြုကြောင်း၊ ကိုဗစ် ၁၉ ပိုး ရှိ၊ မရှိ စစ်ဆေးပေးပြီး ပိုးမရှိမှသာ ဈေးအတွင်း ဝယ်ခွင့်ပြုကြောင်း သိရသည်။

“ Mask မတပ်လာတဲ့သူတွေကို ကိုဗစ် ပိုး ရှိ၊ မရှိ အပြင်မှာ စစ်ဆေးပေးတာ။ အထဲပေးမဝင်ဘူး။ စစ်ပြီးမှ ဝင်ရတာ။ Mask တပ်လာတဲ့သူတွေကိုတော့ တခြားတံခါးပေါက်ကနေ ပေးဝင်တာ” ဟု ပင်လောင်းမြို့ ပရဟိတ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပင်လောင်းမြို့နယ်တွင်း ကိုဗစ် ၁၉ ရောဂါ ပြန့်ပွားမှုမြင့်တက်နေချိန်ဖြစ်သော်လည်း လူစည်ကားလျက်ရှိကြောင်း၊ ဈေးလာဝယ်သူများသည် ‌‌ကျေးရွာဘက်က အများစုဖြစ်ကြောင်း သိရသည်။

ယခု ရက်ပိုင်း ပင်လောင်းမြို့နယ်တွင် မြို့ပေါ်မှာ ကိုဗစ် ၁၉ ကူးစက်မှု ကျဆင်းလာပြီး ကျေးရွာဘက်တွင် မြင့်တက်နေတာဖြစ်ကြောင်း၊ စျေးတွင် လူစည်ကားမှုကြောင့် ပိုးတွေ့ရှိသူ ပြန်တိုးလာမှာကို မြို့ပေါ်က ပြည်သူများက စိုးရိမ်နေလျက်ရှိကြောင်း သိရသည်။

“အခုက မြို့ပေါ်တော့ ပိုးတွေ့မှုနှုန်းက ကျလာတယ်။ များလာတာက ရွာဘက်ကပေါ့။ ဒီနေ့ ဈေးနေ့က ရွာကလူများတော့ နောက်ဘယ်လိုလာမလဲတော့ မသိသေးဘူး။ လပြည့်နေ့လည်း ရောက်တော့မယ် ဆိုတော့လေ။ ရောဂါထပ်တိုးလာမှာကိုဘဲ ကျမတို့တော့ စိုးရိမ်တယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ပင်လောင်းမြို့တွင် ယခင်က စျေးများကို ပုံမှန်အားဖြင့် နေ့လည် (၂)နာရီထိသာ ဖွင့်ခွင့်ပေးခဲ့တာဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article