ကာလိမြို့ မီတာခများ ပိုကောက်ခံနေ

0

သျှမ်းပြည်တောင်ပိုင်း ကာလိမြို့တွင် ဇူလိုင်လက စတင်ပြီး မီတာခ ယခင်ထက်ပိုကောက်ခံမှု နှုန်း ပိုများပြားလာကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိ မီတာခသည် ယခင်ကထက် တဝက်ကျော် ကုန်ကျကြောင်း၊ ယခင်တွင် အိမ်သုံးမီတာခ ၄ထောင်ခန့်သာ ကုန်ကျရာ ဇူလိုင်လမှ စပြီး ၈ထောင်ကျော် ကုန်ကျနေကြောင်း တဖက်မှာလည်း စီးပွားရေး ရှာဖွေစားသောက်ရန် ခက်ခဲနေချိန် ယခုကဲ့သို့ မီတာခကို ပိုမိုကောက်ခံခြင်းသည်မကောင်း ကာလိမြို့ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။

“ ဇူလိုင်လက စပြီးတော့ မီတာခ ဈေးအရမ်းကြီးလာတယ်။ ကျမတို့ အိမ်ဆိုရင်လည်း သုံးနေကြ ပုံမှန်သုံးတာ အရင်က ဆိုရင် ၃-၄ ထောင်လောက်ဘဲကုန်တာ။ ၇လပိုင်းကစပြီး ၈ ထောင်လောက်ထိပေးရတယ်။ အရမ်းကိုတက်လာတယ်။ ခုက အလုပ်လည်း ပုံမှန်မရှိဘူးလေနော်။” ဟု ကာလိမြို့ဒေသခံ အမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယခင်က နေအိမ်ထိ မီတာလာဖတ်သူများရှိပြီး လက်ရှိတွင် မီတာလာဖတ်သူများမရှိပဲ မီတာခ ကောက်ယူနေလျက်ရှိပြီး ကာလိမြို့တွင် မီတာခကို ကောက်ခံသည့် ဈေးနှုန်း တူညီမှုမရှိကြောင်းလည်း သိရသည်။

“ သူတို့ အခုနေအိမ်ထိ မီတာလာမဖတ်တော့ဘူး။ အရင်ကဖတ်ထားတာကိုပဲ ဈေးတင်ပြီးလာကောက်တာလာမသိဘူး။ အရင်ကိုတက်တယ်။ ကျမတို့ သူငယ်ချင်းဆို ၅ သောင်းလောက်ထိပေးရတယ်။ ဘုန်းကြီးကျောင်းမှာဆိုရင်လည်း ၁ သိန်းလောက်ပေးရတယ်တဲ့။ မီတာကောက်တဲ့ ယူနစ်ကလည်းမတူဘူး။ ၁ ယူနစ်ကနေ ၃၀ ယူနစ်ထိဆို တဈေးပေါ့။ ၃၀ အထက်ဆိုတစ်ဈေးအဲလိုမျိုးကောက်တာ ” ဟု အထက်ပါကာလိမြို့ဒေသခံအမျိုးသမီးကပြောသည်။

ထိုသို့ မီတာခ ဈေးကြီးလာသောကြောင့် ပြည်သူများသည် စားဝတ်နေရေးအတွက်ပါ စိုးရိမ်းလာရကြောင်းသိရသည်။

“ ခုဆိုမီးကိုတောင်သိပ်မသုံးတော့ဘူး။ အလုပ်လည်း သိပ်မရှိဘူး။ ပိုက်ဆံလည်း ပုံမှန်မဝင်ဘူး။ သူတို့မီတာခ ဈေးကြီးတောင်းလာတော့ မကောင်းဘူး။ ကျမတို့ ပြည်သူတွေအတွက်ထိခိုက်တယ်” ဟု ကာလိမြို့‌ ဒေသခံတဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ပြည်သူများသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့်အနေဖြင့် အခွန်မဆောင်ခြင်းဖြင့် သပိတ်မှောက်ခဲ့ကြသည်။
ထိုသို့ အခွန်မဆောင်သောကြောင့် စစ်ကောင်စီ မှ မီတာပေါက်များကို ဖျတ်စီးခြင်း၊ မီးများကို ဖျတ်စီးသောကြောင့် ပြည်သူများ မီတာခ ပြန်လည်ဆောင်လာသူများလည်း ရှိကြောင်းသိရသည်။

Leave a Comments