Friday, April 26, 2024

စစ်ကောင်စီ တပ်သားများ လဲချားမြို့နယ် အတွင်း ဝင်ရောက် ရှာဖွေမှုပြုလုပ်

Must read

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ဝမ်ယိမ်းကျေးရွာအတွင်း စစ်ကောင်စီ တပ်သားများက ကျေးရွာအတွင်း ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်သဖြင့် ရွာသားများ စိုးရိမ်ကြကြောင်း စုံစမ်းသိရှိရသည်။

စက်တင်ဘာ (၄) ရက်နေ့က အင်အား (၇၀) ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ၎င်းတို့ တပ်သား ထွက်ပြေးလာသည်ဟု ဆိုကာ ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေမှု ပြုလုပ်ရခြင်းဖြစ်ကြောင်း ဒေသခံများကို လာရောက်ပြောဆိုထားကြောင်း စုံစမ်းသိရှိရသည်။

“သူတို့ပြောတာတော့ သူတို့လူလာရှာတာပေါ့။ သေနတ် (၄) လက် နဲ့ ဆိုင်ကယ်တစ်စီး နဲ့ ငွေ အနည်းငယ် ပါတယ်လို့ပြောတယ်။ အဲ့ဒါကို လာရှာတာပေါ့” ဟု ဝမ်ယိမ်းဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

စက်တင်ဘာ (၅) ရက်နေ့သည် ဝါခေါင်လကွယ်နေ့ဖြစ်ပြီး စစ်ကောင်စီတပ်သားများ ကျေးရွာထဲ ရှိသည့်အတွက် ရွာသားများ ဘုန်းကြီးကျောင်းသို့ မသွားရဲကြကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ရွာထဲမှာလာနေတော့ ရွာသားတွေ စိုးရိမ်ကြတယ်။ မနေ့က လကွယ်နေ့ သက်ကြီးရွယ်အိုတွေ ဘုန်းကြီးကျောင်း မသွားရဲကြဘူး။ ညဆိုလည်း မီးတွေ မထွန်းရဲဘူး။ ညနေ (၆) နာရီလောက်ဆိုရင် ရွာထဲ အသံတိတ်နေတာပဲ။ ၂ ရက်လာနေပြီး ဒီနေ့တော့ ပြန်ထွက်သွားကြပြီ” ဟု ဝမ်ယိမ်းဒေသခံ တစ်ဦးကပြောသည်။

သြဂုတ် (၂၉) ရက်နေ့က တပ်သား (၁) ဦး သေနတ် (၄) လက်၊ ဆိုင်ကယ် တစ်စီး နှင့် ငွေအနည်းငယ် ခိုးယူပြီး ထွက်ပြေးလာသည့်အတွက်ကြောင့် ဝင်ရောက်ရှာဖွေပြီး ယနေ့ စက်တင်ဘာ (၆) ရက်မနက်ပိုင်းတွင် ရွာအတွင်း ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article