Saturday, May 4, 2024

သီပေါမြို့ နေအိမ်တွင်း သေဆုံးသူများထံ ကိုဗစ်-၁၉ တွေ့ရှိနေဆဲ

Must read

သျှမ်းမြောက် သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု လျော့နည်းလာပြီး နေအိမ်တွင်း သေဆုံးသူများထံမှ ကိုဗစ်ပိုး တွေ့ရှိနေရဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

သီပေါတွင် နေ့စဉ် ကိုဗစ်ကူးစက်လူနာ (၁၀)ဦးအောက်သာ ရှိပြီး နေအိမ်တွင်းသေဆုံးသူထံမှ ကိုဗစ်-၁၉ ပိုးတွေ့ရှိနေရဆဲဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် ပေါ့ပေါ့ဆဆမနေသင့်ကြောင်း သီပေါမှ ပရဟိတအသင်းဝင်တစ်ဦးက ယခုလို ပြောသည်။

“ဒီနေ့မနက်ပိုင်း နေအိမ်မှာသေဆုံးသူ တစ်ယောက်ကို စစ်ကြည့်လိုက်တော့ ကိုဗစ်ပိုး တွေ့တယ်၊ ဆိုလိုတာက ငုပ်နေတဲ့ ကူးစက်လူနာတွေက ရှိနေသေးတယ်၊ အဲ့တော့ ကိုဗစ်ကူးစက်နှုန်းလျော့ပေမယ့် ပေါ့ပေါ့ဆဆမနေသင့်ပါဘူး” ဟု အဆိုပါ ပရဟိတအသင်းဝင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျန်းမာရေးမကောင်းသူများအနေဖြင့် နေအိမ်တွင် ကြိတ်ပြီးကုသနေတာထက် ဆေးရုံဆေးခန်းသို့ လာရောက်စစ်ဆေးမှု ခံယူကြမှသာ ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်နိုင်မှာဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ကိုဗစ်ကူးစက်မှုနှုန်း ပိုမိုလျော့ကျလာပြီး နေ့စဉ် ဆေးရုံဆင်းလူနာရှိနေသည့်အတွက် သီပေါဆေးရုံတွင် ကုသဆဲ ကိုဗစ်လူနာ (၆၂)ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။

“ခုရက်ပိုင်း ကိုဗစ်လူနာက တော်တော်လေးကို လျော့သွားပါပြီ၊ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာလည်း (၆၀)ကျော်ပဲ ကျန်တော့တယ်၊ ဒီနေ့ ဆေးရုံထပ်ဆင်းမယ့် သူတွေလည်း ရှိနေသေးတယ်” ဟု သီပေါ ပရဟိတအသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တရုတ်ကျောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်ကုသရေးစင်တာလည်း လူနာမရှိတော့သည့်အတွက် ပြန်လည်ပိတ်လိုက်ပြီဖြစ်ကြောင်း၊ ထိုစင်တာသည် (၂)ကျော်ကြာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လူနာ (၃၀၀)ကျော်ကို ကုသပေးခဲ့သည့် နေရာဖြစ်ကြောင်း သိရသည်။

Stay at home သတ်မှတ်ခံထားရသည့် သီပေါမြို့နယ်တွင် သြဂုတ် (၂၃)ရက် ယနေ့မနက်ပိုင်းထိ ကိုဗစ် ကူးစက်ခံရသူ (၁၁၀၀)ကျော်ရှိပြီး သေဆုံးသူ (၆၀)ဝန်းကျင်ရှိနေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article