Thursday, May 2, 2024

ပင်လောင်း ဘိလပ်မြေစက်ရုံဝန်ထမ်း (၂၁)ဦး အပါအဝင် ၅၇ ဦး ကိုဗစ်တွေ့

Must read

သျှမ်းတောင် ပင်လောင်းမြို့နယ်ရှိ ဘိလပ်မြေစက်ရုံတွင် ယမန်နေ့ ( သြဂုတ် ၄ ) ရက်၌ အလုပ်သမား (၂၁)ဦး အပါအဝင် ကိုဗစ်ကူးစက်ခံရသူ (၅၇)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

“တီကျစ်မြို့မှာရှိတဲ့ နဂါးဘိလပ်မြေစက်ရုံက အလုပ်သမားတွေပါ၊ စည်းကမ်းလိုက်နာမှု အားနည်းလို့ ကိုဗစ်ပိုးတွေ့ခဲ့တာပေါ့”ဟု ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါနေ့တွင် ဌာနဆိုင်ရာဝန်ထမ်းများဖြစ်သည့် ပင်လောင်းရဲစခန်းမှ (၃)ဦး၊ ပင်လောင်းဆေးရုံလုပ်သား (၁)ဦးနှင့် တီကျစ် လျှပ်စစ်စက်ရုံမှ ဝန်ထမ်း(၄)ဦးတို့တွင်လည်း ကိုဗစ်ပိုး တွေ့ရှိခဲ့တာဖြစ်ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင် ကိုဗစ်ပိုးတွေ့သူ မြင့်တက်နေပြီး အများစုမှာ စည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့် ရောဂါပိုး ကူးစက်ခံနေရတာဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“တစ်ဦးချင်း စည်းကမ်းလိုက်နာမှု အားနည်းနေတယ်၊ တချို့က နေမကောင်းဖြစ်တယ်၊ အနံ့ပျောက်နေတယ်၊ ဒါပေမယ့် သက်ဆိုင်ရာကို မပြောဘူး၊
ဆေးခန်းလည်း သွားမပြဘူး၊ တချို့က ကြောက်လို့ မပြောတာတွေလည်း ကြုံတွေ့နေရတယ်” ဟု ၎င်းက ပြောသည်။

ပင်လောင်းမြို့နယ်တွင် တီကျစ်၊ နောင်တရား၊ ဆောင်းပြောင်း၊ ပေါင်းလောင်းတိုက်နယ်နှင့် ပင်လောင်းမြို့တို့ ပါဝင်ပြီး သြဂုတ် လ ၅ ရက် (ယနေ့)အထိ ကိုဗစ် ကူးစက်လူနာ (၄၁၀)ဦး၊ သေဆုံးသူ (၇)နှင့် ဆေးရုံဆင်းခွင့်ရသူ (၂၄၀)ဦး ရှိနေကြောင်း သိရှိရသည်။

Leave a Comments

- Advertisement -spot_img

Latest article