Thursday, May 16, 2024

မူဆယ်မြို့တွင် စစ်ကောင်စီ ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များ ကိုဗစ်ပိုးကူးစက်ခံရ

Must read

သျှမ်းပြည် မြောက်ပိုင်း မြန်မာ – တရုတ် နယ်စပ်မြို့ ဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီ လက်အောက်ခံ နယ်စပ်ကုန်သွယ်ရေးညွှန်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲမှူးနှင့် ၎င်းတို့၏မိသားစုဝင်များ အပါအဝင် ကိုဗစ် – ၁၉ ရောဂါ ပိုးကူးစက်ခံရကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့တွင် ထွက်ပေါ်လာသည့် ဆေးစစ်ချက်များအရ ကိုဗစ် – ၁၉ ရောဂါပိုး ကူးစက် ခံရသော အတည်ပြုလူနာ (၆၁) ဦးတွင် မူဆယ်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာမှ အရာရှိများ၊ ဝန်ထမ်းများ နှင့် ၎င်းတို့၏ မိသားစုဝင်များ ပါဝင်ကြောင်း သိရသည်။

“မနေ့ (ဇူလိုင်လ ၈ ရက်) မှာ ဆေးစစ်ချက်အရ ဌာနဆိုင်ရာက အရာရှိတွေ၊ ဝန်ထမ်းတွေအပါအဝင် ၆၁ ဦးမှာ ပိုးတွေ့တယ်၊ အခုဆို မူဆယ်မှာ ကိုဗစ်ပိုးတွေ့သူက ၃၀၀ ကျော်လာပြီ၊ ဆေးရုံရော၊ Q Center တွေ ရော နေရာမလောက်တော့ဘူး” ဟု မူဆယ်မြို့မှ ပရဟိတအသင်းဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် မူဆယ်မြို့နှင့် ၁၀၅ မိုင်တို့တွင်လည်း ဇူလိုင်လ (၉) ရက်နေ့ နံနက်ပိုင်းအထိ ပိုးတွေ့လူနာ (၂၆၀) ကျော်ရှိ ကြောင်း ထုတ်ပြန်ထားသော်လည်း မိမိတို့အစီအစဉ်ဖြင့် နေအိမ်တွင် စစ်ဆေး၊ ကုသနေသူများ လည်း ရှိနေသည့်အပြင် စစ်ကောင်စီ၏ ကျန်းမာရေးဌာနက ကုသပေးနိုင်မှုများ မနိုင်မနင်းဖြစ်နေသည်ဟု ဒေသခံ များကဆိုသည်။

“အခုက ပြည်သူကျန်းမာရေးတွေ အတွက်ဆိုပြီး ကုသရေးဆိုတာလည်း ဘာမှမရှိတော့ဘူး၊ ဆေးဝန်ထမ်း မရှိ၊ ပရဟိတ သမားတွေကိုသာအားကိုးနေရတဲ့ သဘောရှိတယ်၊ အခုတော့မြို့ထဲမှာ ကုသရေးစင်တာ နဲ့ Q Center တွေထပ်တိုးပေးမယ်လို့တော့ ကြားပါတယ်” ဟု မူဆယ်မြို့နေ အမည်မဖော်လိုသည့် ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ မူဆယ်မြို့နယ်အတွင်းတွင် ကိုဗစ် – ၁၉ အတည်ပြု လူနာ (၃၀၀) ကျော်ရှိနေပြီး ကိုဗစ် – ၁၉ ပိုးတွေ့ လူနာများအနက် သေဆုံးသူ (၇) ဦး ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article