အာဏာသိမ်းစစ်ကောင်စီမှ မတရားဖမ်းဆီးထားသည့်သူများကို ယမန်နေ့ (ဇွန် ၃၀)ရက်တွင် ပြန်လွှတ်ပေးရာ သျှမ်းပြည်သတင်းသမားများ(၅)ဦး မပါကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့တွင် စစ်ကောင်စီတို့၏ မတရားဖမ်းဆီးခံရမှုမှ လွှတ်မြောက်လာသော သတင်း သမားများမှာ- ရန်ကုန်မြို့ အင်းစိန်ထောင်မှ (၆) ဦး၊ ဧရာဝတီတိုင်းအတွင်းမှ(၃)ဦးနှင့် မန္တလေး အိုးဘိုထောင်မှ (၂) ဦးတို့ လွှတ်မြောက်လာသော်လည်း သျှမ်းပြည်မှ ဖမ်းဆီးခံရသည့် သတင်းသမား(၅) ဦး အပါအဝင် ကျန်ဒေသ အသီးသီးက ဖမ်းဆီးခံရသည့် သတင်းသမားများလည်း မလွှတ်လာသေးကြောင်း သိရသည်။
သျှမ်းပြည် မြို့တော် တောင်ကြီးမြို့ အခြေစိုက် ကမ္ဘောဇသတင်းဌာနမှ သတင်းသမား (၄) ဦးသည် ၅၀၅ -က ဖြင့် တောင်လေးလုံး အကျည်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ အခြေစိုက် Tachilike News Agency မှ အလုပ်သင်သတင်းထောက်တစ်ဦးကိုလည်း ၅၀၅ – က ဖြင့် တာချီလိတ် ရဲစခန်း တွင်ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
စစ်ကောင်စီက နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် သတင်းစာပေ လွတ်လပ်ခွင့်များပိတ်ပင် သည့်အပြင် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ယနေ့ ဇူလိုင်လ (၁) ရက်နေ့အထိ သတင်းသမား (၈၈) ဦးကို ဖမ်းဆီးထားပြီး (၂၆) ဦးကို ဖမ်းဝရမ်းထုတ်ထားကာ သတင်းမီဒီယာတိုက် (၈) ခုကိုလည်း သတင်းထုတ်ဝေခွင့် ပိတ်သိမ်းထားသည်။











Leave a Comments