သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းရယ်မြို့တွင်စာသင်ကျောင်းအနီးတွင် (၂)ရက်ဆက်တိုက် ဗုံးပေါက်ကွဲသဖြင့် ကျောင်းလာအပ်သည့် ကျောင်းသား မိဘများ မတွေ့ရကြောင်း စုံစမ်းသိရှိရသည်။

မိုင်းရယ်မြို့ ဟိုယကျေးရွာအုပ်စုရှိ အထက ခွဲ စာသင်ကျောင်းတွင် ယနေ့ မေ (၂၇) ရက် မနက် ၅ နာရီခန့် တွင် ကျောင်းတံခါးအဝင်နားတွင် ဗုံးပေါက်ကွဲ သဖြင့် ယနေ့ မနက် ကျောင်းလာအပ်သည့် ကျောင်းသား မိဘများနှင့် ပညာရေး ဝန်ထမ်းများ မတွေ့ရကြောင်း ဟိုယကျေးရွာအုပ်စု ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ဒီမနက် ကျောင်းတံခါး အဝင်ဝမှာ ဗုံးပေါက်တော့ ကျောင်းလာအပ်တဲ့သူကော ဆရာ၊ ဆရာမကော ကျောင်းလာတာ မတွေ့တော့ဘူး။ ဗုံးမပေါက်ခင် တရက် ကတော့ စစ်တပ်အသိုင်းအဝိုင်းက ကျောင်းသား မိဘတွေ ကလေးတွေကို ကျောင်းလာအပ်တာတွေ ရှိတယ်။ ပြည်သူတွေတော့ သွားမအပ်ကြဘူး” ဟု ဟိုယကျေးရွာအုပ်စု ဒသခံ တစ်ဦး ကပြောသည်။
အဆိုပါ ဟိုယကျေးရွာအုပ်စုရှိ အထက ခွဲကျောင်းသည် စစ်ကောင်စီမှ ဖိအားပေးကာ ကျောင်းများ ဖွင့်လှစ်ခိုင်းခြင်း၊ (CDM) ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းများလည်း Non- CDM အဖြစ်သို့ ကူးပြောင်းလားခြင်းလည်း ရှိကြောင်း စုံစမ်းသိရှိရသည်။
“စစ်ကောင်စီမှ ဖိအားပေး ဖွင့်ခိုင်းတာရှိတယ်။ တစ်ချို့ကျောင်းသား မိဘတွေတော့ အခြေနေ ကြည့်နေသေးတယ် ကလေးတွေကို သွားမအပ်ကြသေးဘူး” ဟု ဟိုယကျေးရွာအုပ်စု ဒေသခံ တစ်ဦးကပြောသည်။
ယမန်နေ့ မေ (၂၆) ရက်ည ၉ နာရီခွဲခန့်တွင်လည်း မိုင်းရယ်မြို့ရှိ အထက ကျောင်းတံခါးမှာ ဗုံးတစ်လုံးပေါက်ကွဲသဖြင့် ယနေ့တွင် ကျောင်းလာအပ်သည့် ကျောင်းသားများ မတွေ့ရကြောင်း ပညာရေးဝန်ထမ်း(၃) ဦးခန့်သာ တွေ့ရကြောင်း မိုင်းရယ် ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။
“ဒီနေ့ ကျနော်တို့ သွားကြည့်တာ ကျောင်းလာအပ်တဲ့ ကျောင်းသားတွေ မတွေ့ရဘူး။ ဆရာ ဆရာမ (၃) ဦး (၄) ဦးလောက်ပဲ ကျောင်းဝန်းမှာ တွေ့ရတယ်။ အရင်ရက်တွေလည်း ကျောင်းလာအပ်တဲ့ သူတွေ သိပ်မရှိပါဘူး။” ဟု မိုင်းရယ် ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။
မိုင်းရယ်မြို့ရှိ ပညာရေးဝန်ထမ်းများလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း (CDM) ဘက် ပါဝင်လာသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောဆိုကြသည်။
ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတဝှမ်းလုံးရှိ ပညာရေးဝန်ထမ်းများ စစ်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပါဝင်နေကြောင်း သိရသည်။











Leave a Comments