သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ယနေ့ (မေ ၁၉) ရက် မနက်အစောပိုင်း ၂ နာရီတွင် လူငယ်တစ်ဦးကို စစ်ကောင်စီမှ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဖမ်းဆီးခံရသူသည် ကိုထွန်းထွန်း ယနေ့ မနက် ၂နာရီ တွင် ရေအေးကွင်းရပ်ကွက်ရှိနေအိမ်တလုံးတွင် စစ်ကောင်စီ အင်အား အလုံးအရင်းဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးချိန်တွင်လည်း ရိုက်နှက်ပြီး ဆွဲခေါ်သွားကြောင်း မျက်မြင်တွေ့ရှိသူ တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။
ကိုထွန်ထွန်း သည် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုကြောင့် ရာဇာသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံ ထားရသူဖြစ်ကြောင်း သိရသည်။
“ မနက် ၂ နာရီလောက်မှာလာဖမ်းသွားတာ။ သူက (၅၀၅) နဲ့ ဝရမ်းထုတ်ခံ ထားရသူထဲပါတယ်။ အိမ်ထဲဝင်ဖမ်းတာ။ စစ်ကား ၁၀ စီးလောက်နဲ့ ရှေ့လမ်းနောက်လမ်းကို ပိတ်ပြီးတော့ဖမ်းတာ။ ရိုက်လည်းရိုက်တယ်။ ” ဟုမျက်မြင်တွေ့ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
လက်ရှိတွင် ကိုထွန်းထွန်း ကို တောင်ကြီး အမှတ်(၁) ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး မိသားစုဝင်များကို လည်း ရဲစခန်းသို့ လိုက်လာရန် ခေါ်ထားကြောင်းသိရသည်။
တောင်ကြီးမြို့တွင်ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှ ဖမ်းဆီးခံထားရသူ ၂၀၀ ကျော်ရှိကြောင်း ရှေ့နေတစ်ဦးက ပြောသည်။
သို့သော် သျှမ်းသံတော်ဆင့်သတင်းဌာနမှသီးသန့်အတည်ပြုထားချက်အရ ဖမ်းဆီးခံထားရသူ ၆၀ ကျော်ကို အတည်ပြုထားနိုင်ခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် တောင်ကြီးမြို့တွင် ည တိုင်းနီးပါးပေါက်ကွဲမှုများဖြစ်ပွားလျက်ရှိပြီး နေ့စဉ် ပြည်သူများကိုဖမ်းဆီးနေလျက်ရှိကြောင်းသိရသည်။











Leave a Comments