ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ ဈေးတက်လာနိုင်

0

မြန်မာ-ထိုင်းနယ်စပ် ဒေသများမှ တင်သွင်းနေသည့် ထိုင်းစားသောက်ကုန်များ ကို အကြမ်းဖက် စစ်ကောင်စီမှ တင်သွင်းရန် ယာယီပိတ်ဆိုင်းလိုက်ပါက ကုန်ဈေးနှုန်းများ တက်လာနိုင်ကြောင်း ကုန်သည် အသိုင်းအဝန်းများက ပြောဆိုလိုက်သည်။

မေ (၁)ရက်မှစတင်ကာ မြန်မာ-ထိုင်းနယ်စပ် တလျောက် တင်သွင်းနေသည့် ကုန်ပစ္စည်း (၅)မျိုးဖြစ်သည့် အချိုရည်၊ ကော်ဖီ၊ တီးမစ် နှင့် နို့ဆီ၊နို့စိမ်း များကို ယာယီပိတ်ဆိုင်းလိုက်သည့်အတွက် မှောင်ခိုဈေးကွက်ထွက်ပေါ်လာပြီး၊ ကုန်ဈေးနှုန်းများ တက်လာနိုင်ကြောင်း သျှမ်းရှေ့ တာချီလိတ်မြို့ တွင် ထိုင်းကုန်ပစ္စည်းရောင်းနေသူများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ထိုင်းနိုင်ငံမှတင်သွင်းမည့် ကုန်ပစ္စည်း ၅ မျိုးကို တာချီလိတ်- မယ်ဆိုင် နယ်စပ် တင်သွင်းခွင့် ယာယီပိတ်ဆိုင်းသွားမည် ဟု ဧပြီ ၁၉ ရက် တွင် ထုတ်ပြန်ခဲ့ပြီး၊ မြဝတီ- မဲဆောက် နယ်စပ် တင်သွင်းခွင့်ကို ဧပြီ (၁၈)ရက်တွင် ထုတ်ပြန်ခဲ့သည်။

“ ကုန်ဈေးနှုန်းတက်မှာ သေချာတယ်။ ခုပိတ်တာတွေက ပြည်သူတွေ အများဆုံးစားသုံးနေတာဖြစ်တယ်။ မှောင်ခိုဈေးကွက်ထွက်လာမယ်။ ပြည်သူတွေ အခက်ကြုံရမယ်” ဟု တာချီလိတ်မြို့ စီးပွားရေး သမားကပြောသည်။

အကြမ်းဖက် စစ်ကောင်စီမှ အာဏာလုယူပြီးနောက်ပိုင်း ပြည်သူများက စစ်တပ်ပိုင် ထုတ်ကုန်ပစ္စည်းများ နှင့် စစ်တပ်ကို အားပေးနေသည့် တရုတ်နိုင်ငံ ထုတ် ပစ္စည်း ကို မသုံးစွဲရန် (Boycott) ပြုလုပ်ကြသည်။

ပြည်သူများ စစ်တပ်ပိုင် ထုတ်ကုန်ပစ္စည်းများနှင့် စစ်တပ်ကို အားပေးနေသည့် တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများ မသုံးစွဲရန် (Boycott) ပြုလုပ်ပြီးနောက် မြန်မာ-ထိုင်း နယ်စပ်မှ တင်သွင်းသည့် ကုန်ပစ္စည်းများကို ယာယီပိတ်ဆိုင်းလိုက်ခြင်းဖြစ်သည်။


အကြမ်းဖက် ကောင်စီမှ ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ ကို ယာယီပိတ်ဆိုင်းလိုက်ပါက နယ်စပ် ပြည်သူများအနေဖြင့် စစ်တပ် ထုတ်ကုန်ပစ္စည်းကို ဆက်လက်မသုံးစွဲရန်ဆန့်ကျင်သွားမည် ဖြစ်ကြောင်းလည်း တာချီလိတ်မှ ကုန်စုံဆိုင်ဖွင့်ထားသည့် သူတဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ သူတို့ပိတ်လိုက်တယ်ဆိုပေမယ့် ကျမတို့ကတော့ အတက်နိုင်ဆုံး စစ်တပ် ရဲ့ ကုန်ပစ္စည်းတွေကို ယူရောင်းမှာ မဟုတ်ဘူး။ အရင်တုန်းက မြန်မာဘီယာဖာ ၁၀၀ ကို တစ်ပတ်နဲ့ရောင်းထွက်တယ်။ အခု ဖာ ၅၀ ကို ၃ လရှိပြီးရောင်းတာ မကုန်သေးဘူး” ဟု တာချီလိတ်မြို့ ကုန်ဆုံဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

ထိုသို့ ကုန်ပစ္စည်း ၅ မျိုးကို နယ်စပ်ဖက်မှတင်သွင်းခွင့်မပြုလိုက်သည့်အကြောင်းရင်းသည် ပြည်သူများကို စစ်တပ်ပိုင်း ကုန်ပစ္စည်းများနှင့် တရုတ်ထုတ်ကုန်များကို ပြန်လည်သုံးစွဲလာရန်အတွက် ရည်ရွယ်သည်ဟု နယ်စပ် ကုန်သည် တစ်ချို့က သုံးသပ်ပြောဆိုသည်။

Leave a Comments