မြန်မာ-တရုတ်နယ်စပ်ဂိတ် တနှစ်ပြည့် ပိတ်ဆိုင်း နယ်စပ်ခြံစိုက်သမားများ အခက်အခဲများစွာရင်ဆိုင်နေရ

0

မြန်မာ- တရုတ်နယ်စပ်တလျောက်ရှိ နယ်စပ်ဂိတ်ကို တရုတ်အစိုးရ ပိတ်လိုက်သည့်မှာ တနှစ်ပြည့်ပြီဖြစ်ပြီး၊ နယ်စပ်ခြံစိုက်သီးနှံစိုက်ပျိုးသူများအတွက် အခက်ခဲများစွာ ကြုံတွေ့ နေရကြောင်းသိရသည်။

လွန်ခဲ့သည့် ၂၀၂၀ခုနစ် ဧပြီ ၁ရက်တွင် တရုတ်အစိုးရ မှ ကိုဗစ်-၁၉ ကူးစက်ရောဂါ အကြောင်းပြချက်ဖြင့် နယ်စပ်ဂိတ်များ လူဝင်၊လူထွက်ဂိတ်များကို တရားဝင်ပိတ်လိုက်သည့်အတွက် မူဆယ်၊ နမ့်ခမ်းတွင်နေထိုင်သည့် ခြံစိုက်သီးနှံ ရောင်းဝယ်သူများ အခက်အခဲများစွာ ကြုံခဲ့ပြီး၊ စိုက်ပျိုးရေး မလုပ်နိုင်သည့်အဆင့်ထိ ဖြစ်နေကြောင်း လည်း မူဆယ်မြို့နယ် စိုက်ပျိုးရေး လုပ်ဆောင်သူများက ပြောသည်။

“အရောင်းအဝယ်က အရင်ကထက်ပိုခက်ခဲလာတယ်။ စိုက်ပျိုးရေး အပိုင်းလည်း တရုတ်ဘက် ပို့ဆောင်ဖို့ ခက်ခဲတယ်။ လယ်တွေ ပျက်စီးသွားတာလဲ များတယ်။ တရုတ်ဘက်ကလာတဲ့ အဝယ်တော်တွေလည်း တစ်အိတ်ဆို ၁၀ ယွမ်လောက်ရတယ်။ အခုက ၃၀-၄၀ ယွမ် ရတယ်။ အရောင်းအဝယ် လုပ်ရတာ တအားခက်ခဲလာတယ်။” ဟု မူဆယ်ဒေသခံ တစ်ဦး ကပြောသည်။

တရုတ်ဘက်မှ နယ်စပ် ဝင်ထွက်ပိတ်လိုက်သည့် ကိစ္စကြောင့် မြန်မာနိုင်ငံဘက်ခြမ်းတွင် ရှိသည့် ဒေသခံများသည် ဟင်းသီးဟင်းရွက်များ ပြန်လည်စိုက်ပျိုးကာ ပြည်တွင်းထဲတွင်သာ အဓိက ရောင်းဝယ်လုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။

“အခု ကျနော်တို့ မူဆယ်က သူတွေ အရင်လို ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးပြီး အချင်းချင်း အရောင်းအဝယ် လုပ်ကြတယ်။ အရင်ကဆို ကျနော်တို့ တရုတ်ဘက် ဝယ်စားကြတယ်။ အခုတော့ ဟိုဘက်ကလည်း လာမရောင်းရ၊ ဒီဘက်လည်း တရုတ်ပြည်မဝင်ရတော့ ဒေသတွင်းအချင်းချင်းပဲ အားပေးနေရတယ်” ဟု မူဆယ်ဒေသခံ စိုင်းလှ က ဆိုသည်။

တရုတ်ပြည်အတွင်း ခြံထွက်သီးနှံ၊ စပါးများရောင်းရန် မရသည့်အတွက် လယ်ယာများလည်း ပစ်ထားရကြောင်း၊ မိသားစု စားဝတ်နေရေးအတွက် ချွေတာသုံးစွဲနေရကြောင်းလည်း နမ့်ခမ်း ဒေသခံက ပြောသည်။

၂၀၂၀ ခုနစ်အတွင်း နမ့်ခမ်း ပြောင်းစိုက်ပျိုးသည့် ခြံပိုင်ရှင်များသည် တရုတ်နိုင်ငံအတွင်းသို့ တင်သို့ ရောင်းချခွင့်မရသဖြင့် ရွှေလီမြစ်ထဲ ပြောင်းကို လွှင့်ပစ်ခဲ့ရပြီး ဆုံးရှုံးမှုများစွာ ရှိခဲ့ကြောင်းလည်း နမ့်ခမ်းတောင်သူများ ထံ စုံစမ်းသိရသည်။

ဖေဖော်ဝါရီ (၁) ရက်နေ့မှ စပြီး စစ်တပ်မှ အာဏာလုယူပြီးနောက် ပြည်တွင်းမှာ ဆန္ဒဖော်ထုတ်မှုများ နိုင်ငံရေး မငြိမ်မသက် ဖြစ်သည့်အတွက် တရုတ်ဘက်နယ်စပ်တွင် ၎င်းတို့၏ စစ်သားများက လုံခြုံရေး လာယူထားကြောင်းလည်း သိရသည်။

Leave a Comments