သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ရပ်ရွာ နေအိမ်များအတွင်း တောင်ကျရေစီးဝင်ရာတွင် ရပ်ကွက်တွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးသည့် အုပ်ချုပ်ရေးမှူးများအဖွဲ့အား ကျေးရွာတွင်းလာရောက်မှီခိုနေထိုင်သူတဦးက ဓါးဖြင့်လိုက်ခုတ်ရာ ၂ ဦးဒဏ်ရာရရှိကြောင်းသိရသည်။
ဇွန်လ ၆ ရက်နေ့ ညနေ ၃ နာရီခန့်က ရပ်ရွာလူကြီး၊ နယ်မြေမှူးများပါ၀င်သည့် အဖွဲ့က ရေဘေးသင့် ကောင်းလန်းရပ်ကွက်အတွင်း ကွင်းဆင်းစစ်ဆေးစဉ် ဓါးဖြင့်လိုက်ခုတ်ခံရသဖြင့် ၂ ဦးထိမိကြောင်း ရွာသား စိုင်းဆိုင် ကပြောသည်။
“ကောင်းလန်းရပ်ကွက် ရပ်ကွက်တာဝန်ရှိလူကြီးတွေ၊ အုပ်ချုပ်ရေး အပိုင်း က တာဝန်ရှိသူတွေ ရေဘေးထိသူတွေကို ကွင်းဆင်းကြည့်ရှုတယ်။ ဓါတ်ပုံတွေရိုက်တယ်။ ဗီဒီယိုတွေရိုက် တယ်။ မှတ်တမ်းယူတယ်။ ခြံစည်းရိုးတွေပြိုလဲတာတွေ ၀င်းတံခါးတွေရေနဲ့မျောပါမှာတွေကိုလိုက်ပြီး ၀ုိင်းဝန်းဆွဲကြ ချည်ကြတော့ အဲဒီရပ်ကွက်မှာနေတဲ့ ကိုသက်ကြီးဆိုသူက နေအိမ်ထဲကထွက်လာပြီး ဗီဒီယိုရိုက်တာ သူမကြိုက်ဘူးဆိုပြီးအော်ဟစ်ဆဲဆိုတယ်။နောက်ဆုံး နယ်မြေမှူး ဦးစိုင်းပုံ ကို “ခင်ဗျားကို ကြည့် မရတာ ကြာပြီ” – ဆိုပြီး ဓါးဆွဲပြီးလိုက်ခုတ်တော့ ကသုဉ်းကရုန်းပြေးကြတာပေါ့။ ၂ ယောက်ခုတ်မိ ဒဏ်ရာ ရသွားတယ်။ အခု နမ့်လန်ဆေးရုံမှာ ”- ဟု ရွာသားစိုင်းဆိုင်က ပြောသည်။
၄င်းတို့ ၂ ဦးကြား မည်သည့်ပြသနာရှိဖူးသည်ကိုတော့ မသိရကြောင်းရွာသားများပြောသည်။
ဓားခုတ်မှုကြောင့် နယ်မြေမှူး ဦးစိုင်းပုံ အသက် ၄၅ နှစ်မှာ ညာလက်မောင်း ဓါးဒဏ်ရာ ထိမှန်ကြောင်း၊ ရွာသား ဦးစိုင်းမောင် အသက် ၅၀ နှစ်မှာ လည်း ဦးခေါင်း ဘယ်ဘက်ဂျိုစောင်းနှင့် နားရွက်ကြား ပြတ်ရှဒဏ်ရာရရှိကာ ရ ချက်ချုပ်ရသည့်အပြင် ညာဘက်လက်လည်း ဓါးဒဏ်ရရရှိသောကြောင့် နမ့်လန်ပြည်သူ့ဆေးရုံသို့ တက်ရောက် ကုသရကြောင်း သိရသည်။
အခင်းဖြစ်ပွါးသည့်နေရာတွင်ရှိနေသည့် ဒေသခံရွာသားတဦးကလည်း – “ကိုသက်ကြီးဆိုသူက အရင်တုန်းကလည်း ရွာထဲမှာပြသနာမကြာခဏဖြစ်တယ်။ တခြားရပ်ကွက်သူ ရပ်ကွက်သားတွေနဲ့လည်း သိပ်မတည့်ဘူး ။ အရင်တုန်းက ဒီကောင်းလန်းဘက်ကိုပြောင်းမလာခင်မှာ နောင်ကော်ကြီးကျေးရွာဘက်မှာနေတာ။ ရွာသားတွေနဲ့ပြသနာဖြစ်လို့ ရပ်ကွက်ထဲမှာမနေနိုင်လို့ ဒီဘက်ပြောင်းလာတာ။”- ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။
၄င်းသည် အောက်ပြည်အောက်ရွာမှ နမ့်လန်သို့ပြောင်းရွှေ့လာကာ ပန်းရံလုပ်ငန်းလုပ်နေသူဖြစ်ကြောင်း သိရသည်။
အခင်းနှင့်ပတ်သက်ပြီး ဓါးခုတ်မှုတရားခံ ကိုသက်ကြီးအား နမ့်လန်ရဲများဖမ်းဆီးထားပြီး ဓါးခုတ်ခံရသူများနှင့်ရွာသားများက အမှုဖွင့် အရေးယူထားကြောင်းသိရသည်။
နမ့်လန်မြို့တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဇွန်လ ၁ ရက်နေ့က တကြိမ်၊ ၃ ရက်နေ့ကတကြိမ်၊ ၆ ရက်နေ့နှင့် ရ ရက်နေ့ကတကြိမ် တောင်ကျရေများ ရပ်ရွာတွင်းစီးဝင်ကာ အကြီးမားဆုံးရေကြီးမှုဖြစ် ပွါးခဲ့ကြောင်း သိရသည်။
နမ့်လန်မြို့တွင် ရပ်ကွက် ၁၁ ခုနှင့် ကျေးရွာ ၅ ခု ရှိရာ ရပ်ကွက် ကျေးရွာများအားလုံး ရေဘေးသင့်ကြောင်း သိရသည်။
နေမင်း – သတင်းရေးသားပေးပို့သည်